ရန်ကုန် ၂၇ စက်တင်ဘာ
ဗီယက်နမ်နိုင်ငံ၏ (၇၄)နှစ်မြောက် အမျိုးသားနေ့နှင့် ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံအကြား အလုံးစုံမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု (၂)နှစ်ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ည ၇ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဇနီးတို့တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး Dr.Luan Thuy Duong နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးတို့က တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်


