စိုးသူရ

ဗီယက်နမ်နိုင်ငံသည် နိုင်ငံအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲရေးကို မြှင့်တင်သည့်အနေဖြင့် လျှပ်စစ်ကားထုတ်လုပ်ရေး အားပေးဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။

ဗီယက်နမ်ပို့ဆောင်ရေး ဝန်ကြီးဌာနသည် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံအတွင်းရှိ ကားများ၏ ၃၀ ရာခိုင်နှုန်းနှင့် ဆိုင်ကယ်များ၏ ၂၂ ရာခိုင်နှုန်းကို လျှပ်စစ်စနစ် ပြောင်းလဲအသုံးပြုနိုင်ရန် ရည်မှန်း ချက်ထားရှိဆောင်ရွက်နေသည်။ လျှပ်စစ်ကား အားသွင်းရုံဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၅၀ ပြည့်နှစ်အထိ ရေရှည်ဆောင်ရွက်မည့် အစီအမံကို ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေသည်။ ဗီယက်နမ်နိုင်ငံသား ကားဝယ်ယူသူ ၃၀ ရာခိုင်နှုန်းကျော်သည် လျှပ်စစ်ကားဝယ်ယူရန် စိတ်အားထက်သန်ကြကြောင်း မကြာသေးမီက ဆောင်ရွက်သည့် လေ့လာမှုအရ သိရသည်။ ထိုသို့ လျှပ်စစ်ကားအသုံးပြုရန် စိတ်ဝင်စားမှုများပြားလာရခြင်းမှာ လျှပ်စစ်ကားများသည် ရာသီဥတု ပြောင်းလဲမှုကိုဖြစ်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချနိုင်ခြင်းနှင့် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုများပြားရာမှ ဖြစ်လာနိုင်သည့်ရောဂါများကို တားဆီးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ လက်ရှိအချိန်တွင် နိုင်ငံအတွင်း လျှပ်စစ်ကားသုံးစွဲ သူများ၏ ၄၈ ရာခိုင်နှုန်းမှာ နေအိမ်တွင် လျှပ်စစ်ဓာတ်အားဖြည့်သွင်းနေကာ ၃၂ ရာခိုင်နှုန်းမှာ လမ်းများပေါ်ရှိ လျှပ်စစ်ကားအားသွင်းရုံများတွင် လျှပ်စစ်ဓာတ်အား ဖြည့်သွင်းနေကြသည်။ 

ယမန်နှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သော "Vietnam: National Roadmap and Recommendations to the Electric Mobility Transition for the Action Plan" အစီရင်ခံစာတွင် လျှပ်စစ်ကားထုတ်လုပ်ရေးဆိုင်ရာ ထောက်ပံ့မှုကို မြှင့်တင်ရန် ဝယ်ယူသုံးစွဲသူများအား မက်လုံးပေးခြင်း၊ လျှပ်စစ်ကားအားသွင်းရုံဆိုင်ရာ အခြေခံ အဆောက်အအုံများ မြှင့်တင်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်တက်လာမှုအတွက် လျှပ်စစ်ဓာတ်အားပေးမှုကို မြှင့်တင်ဆောင်ရွက်ခြင်းနှင့် လျှပ်စစ်ကားထုတ်လုပ်ရေး လုပ်သားများ၏ စွမ်းရည်မြှင့်တင်ခြင်းတို့ကို အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
 
ဗီယက်နမ်သည် ၎င်း၏သယ်ယူပို့ဆောင်ရေး ကဏ္ဍကို ပြောင်းလဲရန် ရည်မှန်းချက် ချမှတ်ထားပြီး ၂၀၅၀ ပြည့်နှစ်တွင် နိုင်ငံအတွင်းရှိ ယာဉ်များအားလုံးကို လျှပ်စစ်ယာဉ်များအဖြစ် ပြောင်းလဲရေးရည်မှန်းထားသည်။ 

လျှပ်စစ်ကားများဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးသည် ရှုပ်ထွေး သော လုပ်ငန်းတစ်ခုဖြစ်ရာ ဗီယက်နမ်၏ လက်ရှိစတင်နေသည့် လျှပ်စစ်ယာဉ်သုံးစွဲရေးဆောင်ရွက်ချက်သည် အရေးကြီးသော ပထမခြေလှမ်းဖြစ်သည် ဟု ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာ Mariam J. Sherman က ပြောကြားသည်။ ၎င်းလျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းအောင်မြင်ရေးအတွက် အစိုးရဝန်ကြီး ဌာနများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံသား များ အတူတကွပူးပေါင်းဆောင်ရွက်ကြရမည်ဟု ၎င်းကဆိုသည်။ 

ဗီယက်နမ်နိုင်ငံတွင် လျှပ်စစ်ကားထုတ်လုပ်ရေး စျေးကွက်ချဲ့ထွင်လာသည်နှင့်အမျှ ပြည်တွင်း လျှပ်စစ်ကား ထုတ်လုပ်သူများသည် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လာကြသည်။ 

ဗီယက်နမ် VinFast ၏ မိခင်ကုမ္ပဏီသည် Ha Tinh ပြည်နယ်တွင် လျှပ်စစ်ကားဘက်ထရီစက်ရုံများ တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံမှ Gotion High-Tech လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 

တရုတ်မော်တော်ကားထုတ်လုပ်သူ Cherry Automobile သည် ဗီယက်နမ်တွင် ပထမဆုံး တရုတ်လျှပ်စစ်ကားစက်ရုံကို တည်ထောင်ပြီး ၂၀၂၆ ခုနှစ်အစတွင် တစ်နှစ်လျှင် ကားအစီးရေ ၂၀၀၀၀၀ ထုတ်လုပ်ရန် ရည်မှန်းထားသည်။ 

ထို့အပြင် VinFast သည် အင်ဒိုနီးရှားကို အဓိက ပို့ကုန်ဈေးကွက်အဖြစ်ရည်မှန်းကာ နှစ်စဉ် လျှပ်စစ်ကားအစီးရေ တစ်သန်းအထိ ထုတ်လုပ်မှု စွမ်းရည်ကို တိုးချဲ့သွားရန် ရည်မှန်းထားသည်။

ဗီယက်နမ်အစိုးရ၏ မူဝါဒများအရ ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်သော အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို အားပေးသည့်အနေဖြင့် လျှပ်စစ်ဘတ်စ်ကားများ ဝယ်လိုအား မြင့်မားလျက် ရှိသည်။ မြို့ပြုဖွံ့ဖြိုးတိုးတက်မှု၊ ဆီစျေးနှုန်း အတက်အကျနှင့် ဘက်ထရီဆိုင်ရာ ကုန်ကျစရိတ်များ လျော့နည်းခြင်း စသည့်အချက်များသည် လျှပ်စစ်ဘတ်စ်ကားအသုံးပြုမှုကို များပြားစေသည်။ 

ပါရီသဘောတူညီချက်အရ ဗီယက်နမ်သည် ပြည်တွင်းအရင်းအမြစ်များကိုအသုံးပြု၍ ဖန်လုံ အိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၂၀၃၀ ပြည့်နှစ်တွင် ကိုးရာခိုင်နှုန်းလျှော့ချရန် ကတိပြုထားသည်။ 

ဗီယက်နမ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းသည် ၂၀၄၀ ပြည့်နှစ်တွင် လျှပ်စစ်ကားအစီးရေ ၃ ဒသမ ၅ သန်းထုတ်လုပ်မည့် အမျိုးသား မော်တော်ယာဉ်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကို အဆိုပြုခဲ့သည်။ 

ဟိုချီမင်းစီးတီးရှိ ပညာရေးစင်တာတစ်ခုမှ မန်နေဂျာ Katy To သည် မကြာသေးမီက နေ့စဉ် သွားလာမှုအတွက် VinFast VF3 ကို ရွေးချယ်ခဲ့သည်။ လျှပ်စစ်ကားသည် နေ့စဉ်သွားလာမှုအတွက် အဆင်ပြေကြောင်း ၎င်းကပြောသည်။ “လျှပ်စစ်ကားက ကျစ်လျစ်တယ်၊ ကားရပ်ရ လွယ်ကူတယ်၊ နေရောင်နဲ့ မိုးရွာတာကို ကာကွယ်ပေးတယ်” ဟု ၎င်းကပြောသည်။ 
ဗီယက်နမ်နိုင်ငံတွင် အောက်ပါအကျိုးကျေးဇူးများအရ လျှပ်စစ်ကားကို အများအပြားအသုံးပြုနေခြင်းဖြစ်သည်။ 

လေထုအရည်အသွေးမြှင့်တင်ခြင်း

လျှပ်စစ်ကားများကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးခြင်းသည် ဟနွိုင်းနှင့် ဟိုချီမင်းမြို့ များတွင် လေထုအရည်အသွေးကို မြှင့်တင်ရန်အတွက် ကူညီပေးသည်။

ဆူညံသံလျှော့ချခြင်း

လျှပ်စစ်ကားများသည် သမားရိုးကျယာဉ်များထက် လူစည်ကားသော မြို့ပြများတွင် ဆူညံသံကို လျော့ပါးသက်သာစေသည်။ ထိုအချက်က မြို့ပြနေထိုင်သူများအတွက် အေးချမ်းသော နေထိုင်မှု ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။

လျှပ်စစ်ကားသုံးစွဲခြင်းကို ပံ့ပိုးပေးသည့် အစိုးရ၏ ဆောင်ရွက်ချက်များ

ဗီယက်နမ်အစိုးရသည် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုကို အားကောင်းစေမည့် လျှပ်စစ်ကားများ၏ အလားအလာကို အသိအမှတ်ပြုထားပြီး လျှပ်စစ်ကားသုံးစွဲခြင်းကို မြှင့်တင်ရန် ရည်ရွယ်သည့် မူဝါဒများနှင့် မက်လုံးများ ဆက်တိုက်မိတ်ဆက်ခဲ့သည်။ 

၁။    အခွန်လျှော့ချခြင်း

အစိုးရသည် လျှပ်စစ်ယာဉ်များအတွက် မှတ်ပုံတင်ခ သုညရာခိုင်နှုန်းအထိ လျှော့ချရေးကို အကောင်အထည်ဖော်ခဲ့သည်။ 

၂။    ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကင်းစင်ရေးရည်မှန်းချက်များ

ဗီယက်နမ်သည် ၂၀၅၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝကင်းစင်ရန် ရည်မှန်းချက်များထားပြီး ၎င်းရည်မှန်းချက် အောင်မြင်ရန် လျှပ်စစ်ကားများ ထုတ်လုပ်မှုနှင့် သုံးစွဲခြင်းကို အကောင်အထည်ဖော်လျက်ရှိသည်။ မူဝါဒချမှတ်သူများသည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် အခြေခံအုတ်မြစ်အဖြစ် လျှပ်စစ်ကားသုံးစွဲရေးအတွက် စီစဉ်ထားသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လျှပ်စစ်စွမ်းအင်ကို အသုံးပြုမှုများပြားလာသည့် ယနေ့ခေတ်တွင် ဗီယက်နမ်၏ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းသည် အောင်မြင်သည့်လုပ်ငန်းဖြစ်ကြောင်း တွေ့ရှိရသည်။ 

၃။    စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများ

ဗီယက်နမ်နိုင်ငံတွင် လျှပ်စစ်ကားစျေးကွက် ကြီးထွားလာမှုသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီပေးနေကြောင်း တွေ့ရှိရသည်။ 

ထို့ပြင် နိုင်ငံအတွင်း လျှပ်စစ်ကားများနှင့် ဘက်ထရီများ ဖွံ့ဖြိုးလာခြင်းသည် ဗီယက်နမ်ကို အာဆီယံ လျှပ်စစ်ကားစျေးကွက်တွင် ဦးဆောင်သူအဖြစ် ရောက်သွားနိုင်ခြေရှိသည်။

ဗီယက်နမ်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အများအပြားအသုံးပြုခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းလျက်ရှိကြောင်း ရေးသားလိုက်ရပါသည်။ ။

ကိုးကား။    ။    Nearly 30% of vehicles in Vietnam set to be electric by 2030