ကလျာမိုးမြင့်
ကိုဗစ်-၁၉ ရောဂါဒဏ်ကို နိုင်ငံအများအပြားက အလူးအလဲခံစားနေကြရတဲ့အချိန် ဗီယက်နမ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်အထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူမရှိခဲ့တဲ့အပြင် ပြည်တွင်းမှာလည်း အချင်းချင်းကူးစက်မှုတွေ မဖြစ်တော့တာ လအနည်းငယ်ကြာတဲ့ အထိပါပဲ။
တခြားနိုင်ငံတွေနဲ့စာရင် တည်ငြိမ်မှုရှိလာတဲ့အခြေအနေကြောင့် ဗီယက်နမ်ရဲ့ ဘောလုံးအားကစားကွင်းတွေမှာ ပွဲကြည့်ပရိသတ်တွေနဲ့ ပြန်ပြည့်လာသလို စာသင်ကျောင်းတွေကိုလည်း ပြန်ဖွင့်လိုက်ပြီး အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာလည်း စားသုံးသူတွေနဲ့ ပြန်လည်စည်ကားသက်ဝင်လာခဲ့တာ မကြာသေးပါဘူး။
စိတ်ချမ်းသာမှုကို ဖျက်ဆီး
ဗီယက်နမ်ပြည်သူတွေရဲ့ ပုံမှန်နေ့စဉ်ဘဝကို ပြန်ရပြီဟေ့လို့ လက်မထောင်မယ်ကြံကာရှိသေး ဇူလိုင်လကုန် အရောက်မှာတော့ ကိုဗစ်-၁၉ ရောဂါဆိုးက ထပ်မံခြောက်လှန့်လာပြီး ပြည်သူတွေရဲ့ စိတ်ချမ်းသာမှုကို တစ်ဖန်ပြန်ပြီးတော့ ဖျက်ဆီးလိုက်ပါတယ်။
ဒါနန်မြို့ဟာ ကိုဗစ်-၁၉ ဒုတိယလှိုင်းထပ်မံဖြစ်ပွားရာ ဗဟိုချက်မဖြစ်လာခဲ့ပြီး ရောဂါကူးစက်ဖြစ်ပွားမှုရဲ့ ဇာစ်မြစ်က ကျွမ်းကျင်သူတွေကို အတော်လေးစိတ်ရှုပ် ထွေးစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကဒါနန်မြို့မှာ ပထမဆုံး အကြိမ် ကိုဗစ်-၁၉ကြောင့် သေဆုံးမှုဖြစ်ပေါ်ခဲ့ရာက အခုဆိုရင် သေဆုံးသူအရေ အတွက်ဟာ ၁၀ ဦးအထိ တိုးလာခဲ့ပြီဖြစ်ပါတယ်။
မြန်ဆန်ထိရောက်စွာ ဆုံးဖြတ်
လွန်ခဲ့တဲ့ ရက်သတ္တပတ်များစွာအကြာက ဗီယက်နမ်နိုင်ငံဟာ ကပ်ရောဂါတိုက်ဖျက်ရေးမှာ ရှားရှားပါးပါး အောင်မြင်မှုရတဲ့ မှတ်တမ်းဝင်နိုင်ငံတစ်ခုအနေနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုခြင်းကို ခံယူနိုင်ခဲ့တဲ့နိုင်ငံပါ။ ကပ်ရောဂါဝင်လာပြီဆိုတဲ့အချိန် တခြားနိုင်ငံတွေက ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြတဲ့အချိန်မှာ ဗီယက်နမ်က မြန်ဆန်ထိရောက်တဲ့ ဆုံးဖြတ်ချက်ချမှုတွေ လုပ်ဆောင်ခဲ့ပြီး မတ်လအစောပိုင်းမှာ နေရပ်ပြန် ဗီယက်နမ်ပြည်သူတွေ အတွက်ကလွဲပြီး ဘယ်နိုင်ငံက ခရီးသည်မှ ဝင်ရောက်မလာနိုင်အောင် နယ်စပ်ဂိတ်တွေကို အကုန်ပိတ်ပစ်ခဲ့ပါတယ်။
ဘာတွေမှားယွင်းနေ
အစိုးရဌာန အဖွဲ့အစည်းတွေ အတွင်းမှာလည်း နိုင်ငံထဲကိုပြန်ဝင်လာတဲ့ ဘယ်သူကိုမဆို ၁၅ ရက်ကြာ ကန့်သတ်စောင့်ကြည့်မှုနဲ့ ကိုဗစ်-၁၉ ရှိ မရှိစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပြီး ရောဂါကူးစက်ခံရသူတွေရဲ့ နောက် ကြောင်းရာဇဝင်ကို စုံစမ်းရှာဖွေမှုတွေနဲ့ တစ်နိုင်ငံလုံးအနှံ့ ဗိုင်းရပ်စစ်ဆေးတာတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။
မဲလ်ဘုန်းရှိ ဘားနက်အင်စတီကျုမှာ သုတေသနလုပ်နေတဲ့ ရောဂါဗေဒပညာရှင် ပါမောက္ခ မစ်ချယ်လ်တိုလီ က ‘‘တစ်ခုခုမှားယွင်းသွားတယ်ဆိုတာကို အသေအချာမပြောနိုင်ဘူး။ ကပ်ရောဂါကို ထိန်းချုပ်နိုင်သွားပြီလို့ ထင်နေကြတဲ့ နိုင်ငံအများစုဟာ နောက်ထပ်ရောဂါကူးစက်မှု တစ်ကျော့ပြန်ပေါ်လာတာကို တွေ့နေရတယ်။ အဲဒီအထဲမှာ စပိန်၊ ဟောင်ကောင်နဲ့ ဩစတြေးလျနိုင်ငံ တွေပါတယ်လို့’’ ၎င်းက ဆိုပါတယ်။
ဌာနေဆီ ပြန်ပြေး
လက်ရှိအခြေအနေမှာတော့ ကိုဗစ်-၁၉ ပထမလှိုင်း တုန်းကလိုပဲ ဗီယက်နမ်က မြန်မြန်ဆန်ဆန်နဲ့အင်တိုက် အားတိုက် တုံ့ပြန်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပြီဆိုတဲ့ အတွေးနဲ့ စိတ်သက်သာရာရနေကြတဲ့ ဒါနန်မြို့က ခရီးသွားပြည်သူ ၈၀၀၀၀ လောက်ဟာ ကိုဗစ်-၁၉ ဒုတိယ လှိုင်း ထပ်ပြီးဝင်ရောက်လာတဲ့အခါမှာတော့ မိမိတို့ဌာနေဆီကို ကသုတ်ကရက် ပြန်ပြေးကြရပြန်ပါတယ်။ သမိုင်းဝင် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဒါနန်မြို့ဟာဆိုရင်လည်း အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှုအောက်ကို လုံးဝကျရောက် သွားရပြန်ပါပြီ။
ဟာကွက်ရှာနေတဲ့ ရန်သူ
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ ဟာကွက်ကို စောင့်နေတဲ့ တိတ်တဆိတ်ရန်သူလိုပါပဲ။ အက်ကြောင်းသေးသေးလေး တစ်ခုရှိလိုက်တာနဲ့ အဲဒီနေရာကနေ အလစ်ဝင်လာပြီး ချက်ချင်းဆိုသလို ကူးစက်ပြန့်ပွားပစ်လိုက်တယ်လို့ ပရော်ဖက်ဆာတိုလီက ဆိုပါတယ်။ကိုဗစ်-၁၉ ဒုတိယလှိုင်း ဘယ်ကနေပြန်ဝင်လာခဲ့တယ်ဆိုတဲ့ ဇာစ်မြစ်ကို ဆေးပညာရှင်တွေရော သုတေသနပညာရှင်တွေကပါ အဖြေရှာတွေ့ဖို့ အပူတပြင်း ကြိုးစားနေကြပါတယ်။
နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ကူးစက်မှုရဲ့ အရင်းအမြစ်ဟာ လျှို့ဝှက်ဆန်းကြယ်လွန်းလှတယ်လို့ အောက်စဖို့ဒ် တက္ကသိုလ် ဆေးသုတေသနယူနစ်အဖွဲ့ ဒါရိုက်တာပရော်ဖက်ဆာရိုဂျီယာ ဗန်ဒေါန်းက မှတ်ချက်ချခဲ့ပါတယ်။ မျိုးဗီဇဆိုင်ရာပြောင်းလဲနိုင်စွမ်းရှိတဲ့ ဗိုင်းရပ်စ်ရဲ့ လုပ်ဆောင်ချက်ကို ပါမောက္ခ ရိုဂျီယာ ဗန်ဒေါန်းနဲ့ ၎င်းရဲ့သုတေသန အဖွဲ့က အစိုးရနဲ့အတူလက်တွဲပြီး အာရုံစိုက်လေ့လာနေပါတယ်။ အခုအချိန် အထိကတော့ ကိုဗစ်-၁၉ လူနာအမှတ် ၄၁၆ ဖြစ်တဲ့ အသက် ၅၇ နှစ်အမျိုးသားဟာ ဘယ်လိုဘယ်ပုံ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရလဲဆိုတာကို ဘယ်သူကမှ အဖြေမထုတ်နိုင်သေးဘူး ဖြစ်နေပါတယ်။
ခိုင်လုံတဲ့ အထောက်အထားမရှိ
ဒီတော့ စဉ်းစားစရာတွေကလည်း အမျိုးမျိုးပေါ်ထွက် လာပါတယ်။ ဒေသမီဒီယာတွေကတော့ နောက်ဆုံးပေါ် ထွက်လာတဲ့ ကိုဗစ်-၁၉ကူးစက်မှုဟာ ပိုပြီးကူးစက်နိုင်မှုပြင်းထန်တဲ့ ဗိုင်းရပ်စ်အမျိုးအစားတစ်ခုကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီး ဖော်ပြနေကြပါတယ်။ မီဒီယာတချို့ကတော့ ဗီယက်နမ်နဲ့ တရုတ်နယ်စပ် တစ်လျှောက်မှာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ လူမှောင်ခိုကူးမှုကိစ္စနဲ့ ဆက်နွှယ်နေနိုင်တယ်ဆိုပြီး ဖော်ပြနေကြတာ လည်းရှိပါတယ်။
ဒါပေမယ့် ပိုပြီးကူးစက်မှုပြင်းထန်တဲ့ ကိုဗစ်-၁၉ ဟာ ရွှေ့ပြောင်းသွားလာသူတွေဆီက ပါလာပြီး ဗီယက်နမ် နိုင်ငံထဲကို ဝင်လာတယ်လို့ တပ်အပ်ပြောနိုင်လောက်တဲ့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိပါဘူး။
၁ဝ ရက်အတွင်း အမြင့်ဆုံးရောက်လာနိုင်
ဇူလိုင်လနှောင်းပိုင်းမှာ ဗီယက်နမ်နိုင်ငံအတွင်း ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၄၀၀ လောက်ရှိခဲ့ရာကနေ အခုလက်ရှိမှာ ရောဂါကူးစက်ခံရတဲ့အတည်ပြုလူနာ အရေအတွက် ၇၈၀ အထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ် ဒုတိယကျန်းမာရေးဝန်ကြီးက ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်ဟာ ဆက်လက်တိုးလာနိုင်ဖွယ် ရှိသေးတဲ့ အပြင် နောက်ထပ် ၁ဝ ရက်အတွင်းမှာ ရောဂါကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးအချိန်ကို ရောက်ရှိ လာနိုင်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
ကြိုတင်ကာကွယ်မှုအနေနဲ့ ဟနွိုင်းမြို့မှာ ညဈေးတွေနဲ့ ကာရာအိုကေဆိုင်တွေကို ပိတ်ထားပြီး ဟိုချီမင်းမှာလည်း မြို့တော်ဟနွိုင်းနဲ့နည်းတူ အများပြည်သူသွားလာ ရာနေရာတွေမှာ နှာခေါင်းစည်းတပ်ဆင်ခြင်းကို မဖြစ်မနေ လိုက်နာဖို့ စည်းကမ်းထုတ်ထားတယ်လို့ သိရပါတယ်။ ။
ကိုးကား - ဆင်ဟွာ၊ ဘီဘီစီ