နေပြည်တော်  ၁၀  ဧပြီ

 

ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ပြန့်ပွားမှုနှင့် ပတ်သက်၍ ကာကွယ်တုံ့ပြန်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ငါးသောင်းကို ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟနွိုင်းမြို့၌ ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Nguyen Quoc Dung က ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းထံ ပေးအပ်လှူဒါန်းခဲ့သည်။

 

ထိုသို့ ပေးအပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး H.E. Mr. Nguyen Quoc Dung က မြန်မာအစိုးရ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုနှင့် ပတ်သက်၍ ကာကွယ်တုံ့ပြန်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုများအပေါ် တန်ဖိုးထား အသိအမှတ်ပြုပါကြောင်း၊ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ထားရှိသော ချစ်ကြည်ရင်းနှီးမှုနှင့် အိမ်နီးချင်းကောင်းနိုင်ငံ တစ်နိုင်ငံအနေဖြင့် ဗီယက်နမ် အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တိုက်ထုတ်ကာကွယ်ရာတွင် ပူးပေါင်းပါဝင်သော အားတစ်ရပ်အဖြစ် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအတွက် လှူဒါန်းခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ကျော်လွှားကြမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ငါးသောင်းကို မြန်မာနိုင်ငံ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထက်လျှံ