ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ

ဧပြီ ၂၂

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတောင်ကုန်းထူထပ်သောဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသက်မုန်တိုင်းများ တိုက်ခတ်သဖြင့် တစ်ဦးထက်မနည်းသေဆုံးပြီး အခြားရှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သဘာဝဘေးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးကော်မတီက ယနေ့သတင်းထုတ်ပြန်သည်။ အဆိုပါမိုးရွာသွန်းမှုနှင့်မိုးသက်မုန်တိုင်းများ တိုက်ခတ်မှုတို့ကြောင့် မြောက်ပိုင်းပြည်နယ် ၁၁ ခုတွင် နေအိမ် ၆၈၉၁ လုံးပျက်စီးခဲ့ပြီး စာသင်ကျောင်း ၅၃ ကျောင်း၏ခေါင်မိုးများ လွင့်စင်သွားခဲ့သည်။ ၂၀၂၃ ခုနှစ်က ဗီယက်နမ်နိုင်ငံတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများကြောင့် ၁၆၉ ဦးထက်မနည်း သေဆုံး၊ ပျောက်ဆုံးခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၂၂ ဒသမ ၂ သန်းဖိုး ဆုံးရှုံးခဲ့ကြောင်း ထိုကော်မတီကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို