ဟနွိုင်း နိုဝင်ဘာ ၁၆

 

အဓိကအားဖြင့် ကျန်းမာရေးနှင့်  မညီညွတ်သောအစားအသောက်များနှင့်  ကိုယ်လက်အားကစား လှုပ်ရှားမှု နည်းပါးခြင်းတို့ကြောင့် ဗီယက်နမ်နိုင်ငံ၌ ၂၀၂၁ ခုနှစ်အထိ ဆီးချိုရောဂါဝေဒနာရှိသူ ငါးသန်းနီးပါးရှိကြောင်းနှင့် အဆိုပါပမာဏမှာ အရွယ်ရောက်လူဦးရေ၏ ခုနစ်ရာခိုင်နှုန်းခန့်နှင့် ညီမျှကြောင်း နိုဝင်ဘာ ၁၅ ရက်တွင် ဒေသတွင်းမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

 

၂၀၂၁ ခုနှစ် စစ်တမ်းအရ ဗီယက်နမ်နိုင်ငံရှိ ဆီးချိုရောဂါဝေဒနာရှင် ၅၅ ရာခိုင်နှုန်းကျော်ခန့်သည် ယခုအခါတွင် နှလုံးသွေးကြောဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသူ ၃၄ ရာခိုင်နှုန်း၊ အမြင်အာရုံနှင့် အာရုံကြောဆိုင်ရာ ရောဂါ ဝေဒနာခံစားနေရသူ ၃၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ကျောက်ကပ်ရောဂါ ဝေဒနာခံစားနေရသူ ၂၄ ရာခိုင်နှုန်း အပါအဝင် နောက်ဆက်တွဲ ရောဂါဝေဒနာလက္ခဏာများ ခံစားနေရကြောင်း ပြည်တွင်းသတင်းစာ ဗီယက်နမ်နယူးစ်တွင် ဖော်ပြထားသည်။

 

လာမည့်နှစ်များအတွင်း ဗီယက်နမ်နိုင်ငံရှိ ဆီးချိုရောဂါ ဝေဒနာရှင်အရေအတွက်နှင့် ကမ္ဘာတစ်ဝန်းမှ ဆီးချိုရောဂါ ဝေဒနာရှင် အရေအတွက်သည် မြင့်တက်လာဖွယ်ရှိကြောင်း ဗီယက်နမ်ကျန်းမာရေး ဒုတိယဝန်ကြီး ငုယင်သီလင်းဟောင်၏ အစီရင်ခံတင်ပြမှုကို ကိုးကား၍ အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။

 

အမြန်စား အစားအစာ၊ ကာဗွန်နိတ်ပါဝင်သည့် အချိုရည်များကို စားသောက်မှုမြင့်မားခြင်းနှင့် လေ့ကျင့်ခန်း လှုပ်ရှားမှုနည်းပါးခြင်းတို့သည် ဆီးချိုရောဂါဖြစ်ပွားစေသည့် အကြောင်းရင်းများတွင် ပါဝင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

 

တစ်နိုင်ငံလုံး စစ်တမ်းကောက် ယူမှုအရ အသက် ၃၀ နှင့် ၆၉ နှစ်ကြား ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းသည် ၂၀၀၂ ခုနှစ်တွင် ၂ ဒသမ ၇ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ ပြည့် နှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်းသို့ မြင့်တက်လာကြောင်း သိရသည်။

 

 ဆင်ဟွာ