ဟနွိုင်း၊ နိုဝင်ဘာ ၉

 

ဗီယက်နမ်နိုင်ငံ၌ အောက်တိုဘာ ၃၁ ရက်အထိ ပြည်နယ်နှင့် မြို့ကြီးခုနစ်ခုတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၅၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ရောဂါကူးစက်ခံရသူ ၆၃ ရာခိုင်နှုန်းခန့်သည် ခုခံအားကျဆင်းသည့် (HIV) ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း ဒေသတွင်းမီဒီယာများက နိုဝင်ဘာ ၉ ရက်တွင် သတင်းဖော်ပြသည်။ အဆိုပါရောဂါ ကူးစက်ခံရသူများအနက် နှစ်ဦးသည် ပြည်ပနိုင်ငံများမှ ဖြစ်သည်။

 

ဟိုချီမင်းမြို့ တောင်ပိုင်းတွင် သာမက အခြားမြို့ကြီးများတွင်လည်း မျောက်ကျောက်ရောဂါကူးစက်ခံရသူများ ဆက်လက် စစ်ဆေးတွေ့ရှိနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

 

ရောဂါကူးစက်မှုကို စောစီးစွာသိရှိ နိုင်စေရန်နှင့် ကုသမှုဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ရန် ကျန်းမာရေး စောင့်ရှောက်မှုဌာနများ၊ နယ်စပ်များနှင့် ရပ်ရွာများရှိ ဒေသန္တရကျန်းမာရေး စောင့်ရှောက်မှု အေဂျင်စီများကို ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။

 

ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်သည့် နည်းလမ်းများ ချမှတ်လုပ်ဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ကြိုးပမ်းလျက်ရှိသည်။

 

ပြီးခဲ့သည့်လက ဗီယက်နမ်နိုင်ငံ တောင်ပိုင်း လောင်အန်ပြည်နယ်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မျောက်ကျောက်ရောဂါ ကူးစက်မှုကြောင့် သေဆုံးခဲ့သည်။ အဆိုပါသေဆုံးမှုသည် နိုင်ငံအတွင်း မျောက်ကျောက် ရောဂါကြောင့် ပထမဆုံးသေဆုံးမှုဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်