ဟနွိုင်း စက်တင်ဘာ ၂၉
ဗီယက်နမ်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ၄၅၈၉ ဦး ထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက်က ပြောကြားသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူများအနက် ၄၅၈၃ ဦးမှာ ပြည်တွင်း၌ ရောဂါကူးစက်ခံရသူများဖြစ်ပြီး ခြောက်ဦးမှာ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၇၇၀၆၄၀ ရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၈၉၃၆ ဦးရှိကြောင်း သိရသည်။ နိုင်ငံတောင်ပိုင်းရှိဒေသများ၌ လူအစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုများကို တွေ့ရှိခဲ့ရပြီး ဘင်ဒေါင်းခရိုင်၌ ၂၅၇၅ ဦး၊ ဒွန်နိုင်းခရိုင်၌ ၇၈၇ ဦးနှင့် ဟိုချီမင်းစီးတီးမြို့တော်၌ ၃၇၇ ဦး အသီးသီးတွေ့ရှိခဲ့သည်။ ၅၅၉၉၄၁ ဦးမှာ ရောဂါမှ ပြန်လည်ကျန်းမာ လာခဲ့ပြီး လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ သန်း ၄၀ ကျော်အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- စိုးသူရ