ဟနွိုင်း   မတ်   ၂၅

ဗီယက်နမ်နိုင်ငံတွင်  ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ် ကာလအတွင်း ကလေးများအား အွန်လိုင်းတွင် ကာကွယ်စောင့်ရှောက်မည့် အစီအမံတစ်ရပ်ကို ဝန်ကြီးချုပ် ဖန်မန်ချင်းက  အတည်ပြုခဲ့ကြောင်း   ဗီယက်နမ် နယူးစ်အေဂျင်စီ၏  မတ် ၂၄ ရက် သတင်းထုတ်ပြန်ချက်အရ  သိရသည်။

ကလေးများအား ဒစ်ဂျစ်တယ်ဆိုင်ရာ စွမ်းရည်မြင့်တက်ရေးကိုပါ ဆောင်ရွက်မည်ဖြစ်သည်။ ကလေးများအား အွန်လိုင်းတွင် ကာကွယ်ရေးအတွက်  မဏ္ဍိုင်(၅)ရပ်ဖြင့် ဖွဲ့စည်းထားသည့်လုပ်ငန်း မူဘောင်တစ်ရပ်ကို ရေးဆွဲမည်ဖြစ်ပြီး ၎င်းလုပ်ငန်းမူဘောင်တွင် ခိုင်မာသည့် ဥပဒေပြဋ္ဌာန်းချက်များ ပါဝင်မည်ဖြစ်ပြီး ကလေးသူငယ်များအား အွန်လိုင်းတွင် အကာအကွယ်ပေးရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်သည့်  ပညာပေးဟောပြောမှုများကိုလည်း နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်မည်ဖြစ်သည်။ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ လုပ်ငန်းများနှင့် ဒစ်ဂျစ်တယ်အသိပညာပေးလုပ်ငန်းများ ကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။  ၎င်းအစီအမံဆောင်ရွက်သည့် ကာလအတွင်း ကျောင်းများတွင် ဆိုင်ဘာလုံခြုံရေးလုပ်ငန်းများကို  ဆောင်ရွက်မည်ဖြစ်ပြီး အွန်လိုင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအနေဖြင့် အွန်လိုင်းရှိ မသင့်လျော်သည့် ဖော်ပြချက်များကို   ဖယ်ရှားမည်ဖြစ်သည်။  ထို့ပြင် နိုင်ငံအတွင်းရှိ ဒေသများတွင်လည်း  ဒစ်ဂျစ်တယ်နည်းပညာ အသိပညာပေးလုပ်ငန်းများ   ဆောင်ရွက်မည်ဖြစ်သည်။

ယခုဆောင်ရွက်သည့် အစီအစဉ်သည် အွန်လိုင်းတွင် မသမာသူများ၏ အသုံးချခံရသည့် ကလေးများအား အချိန်နှင့်တစ်ပြေးညီ လိုအပ်သည့်အကူအညီများပေးရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။  

 ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ