ဇန်နဝါရီ ၅
ဗီယက်နမ်နိုင်ငံတွင် ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အထိ လေးရက်ကြာ နှစ်သစ်ကူးအားလပ်ရက်အတွင်း ခရီးသွား ၃ ဒသမ ၅ သန်းခန့်လာရောက်လည်ပတ်ခဲ့ကြောင်း ဗီယက်နမ်အမျိုးသားခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ ဒေသခံနေ့စဉ်ထုတ် Suc Khoe & Doi Song သတင်းစာက ယနေ့တွင် ဖော်ပြထားသည်။
တောင်ပိုင်းဗဟိုချက် ဟိုချီမင်းမြို့သည် လာရောက်လည်ပတ်သူ ၁ ဒသမ ၂၄ သန်းခန့်ဖြင့် အများဆုံးစံချိန်တင်ခဲ့ပြီး ယခင်နှစ်အလားတူကာလကထက် ခရီးသွားလာရောက်မှု ၆၅ ရာခိုင်နှုန်းတိုးလာခဲ့သည်။
ထိုကာလအတွင်း မြို့တော်သို့ နိုင်ငံခြားခရီးသွား ၇၅၇၀၀ ကျော် လာရောက်ခဲ့ရာ ယမန်နှစ်အလားတူကာလကထက် ၈၃ ရာခိုင်နှုန်းတိုးလာခဲ့သည်။
ခရီးသွားအများအပြားကို ဆွဲဆောင်သည့် အခြားနေရာများတွင် မြောက်ပိုင်းပြည်နယ်များဖြစ်သော နင်ဘင်းနှင့် ကွမ်နင်၊ တောင်ပိုင်းပြည်နယ် လမ်ဒုံနှင့် မြို့တော်ဟနွိုင်းတို့ ပါဝင်သည်ဟု သိရသည်။
အဆိုပါလေးရက်ကြာ အားလပ်ရက်သည် ပြည်တွင်းခရီးသွားလုပ်ငန်းတိုးတက်မှုအတွက် အခြေအနေကောင်းများ ပေးစွမ်းခဲ့သည်ဟု ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍသည် ၂၀၂၆ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ၂၅ သန်းနှင့် ပြည်တွင်းခရီးသွား ၁၅၀ သန်းကို ကြိုဆိုရန် ရည်မှန်းထားကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


