ဖေဖော်ဝါရီ ၆
ဗီယက်နမ်နိုင်ငံတွင် နှစ်သစ်ကူးအားလပ်ရက်အတွင်း ခရီးသွားလာမှု မြင့်တက်လာမှုအတွက် ဟိုချီမင်းစီးတီးရှိ တန်ဆွန်ညတ် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဟနွိုင်းမြို့ရှိ နွိုင်းဘိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် လေယာဉ်ပျံသန်းမှုအကြိမ်ရေကို တိုးမြှင့်ခဲ့ကြောင်း ဒေသခံနေ့စဉ်သတင်းစာ VnExpress တွင် ယမန်နေ့က ဖော်ပြခဲ့သည်။
အဆိုပါလေဆိပ်တို့တွင် တစ်နာရီလျှင် လေယာဉ်ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်းအကြိမ်ရေကို ၄၂ ကြိမ်မှ ၄၆-၄၈ ကြိမ်အထိ တိုးမြှင့်ခဲ့သည်။
လေကြောင်းလိုင်းများကိုလည်း ညပိုင်းလေယာဉ်များပိုမိုပျံသန်းခွင့်ပြုပြီး လက်မှတ်ရောင်းအား တိုးမြှင့်ခွင့်ပြုထားသည်ဟု သိရသည်။
ဖေဖော်ဝါရီ ၁၂ ရက်မှ ၂၁ ရက်အထိ ခရီးသွားလာမှုအများဆုံးကာလအတွင်း တန်ဆွန်ညတ်လေဆိပ်တွင် ခရီးသည် ၁ ဒသမ ၄၈ သန်းခန့် ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး နွိုင်းဘိုင်လေဆိပ်တွင် ခရီးသည် ၁ ဒသမ ၀၈ သန်းခန့် ရှိမည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


