အောက်တိုဘာ ၈

ဗီယက်နမ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းမတ်မိုတိုက်ခတ်မှုကြောင့် မိုးများသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ရှစ်ဦးထက်မနည်းသေဆုံးပြီး အခြားငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  သဘာဝဘေးအန္တရာယ်နှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံးပေါင်း ၁၅၇၀၀ ကျော် ရေအောက်မြုပ်ကာ အခြား ၄၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး အခြားသီးနှံများနှင့် ဆန်စပါးမြေဟက်တာ ၁၄၆၀၀ ကျော် ရေလွှမ်းမိုးခံရကြောင်း ထိုအေဂျင်စီက ပြောကြားသည်။

ရေကြီးမှု၊ မြေပြိုမှုများတွင် မွေးမြူရေတိရစ္ဆာန်အကောင်ရေ ၉၇၀၀၀ ကျော် သေဆုံး သို့မဟုတ် မျောပါသွားပြီး မြောက်အလယ်ပိုင်းပြည်နယ်များနှင့် မြောက်ပိုင်းတောင်ထူထပ်သောဒေသများရှိနေရာ ၆၀၂ ခုတွင် ယာဉ်သွားလမ်းများ ပျက်စီးခဲ့သည်ဟု ဖော်ပြထားသည်။

ဗီယက်နမ်ဝန်ကြီးချုပ်က ရေဘေးသင့်ဒေသများရှိဒေသခံများ ဘေးကင်းရေးနှင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုဖြစ်ပွားမှုများမှကာကွယ်ရန် အရေးပေါ်ညွှန်ကြားချက်တစ်ရပ်ကို ယမန်နေ့ကထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို