စက်တင်ဘာ ၁၀
ဗီယက်နမ်နိုင်ငံမြောက်ပိုင်း၌ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂိ တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ယနေ့မနက်ပိုင်းအထိ သေဆုံးသူ ၆၅ ဦးရှိပြီး ၃၉ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ပြောသည်။
အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၇၅၂ ဦးရှိကြောင်း၊ Quang Ninh ပြည်နယ်နှင့် Hai Phong မြို့တွင် ထိခိုက်ဒဏ်ရာရသူ ၅၃၆ ဦးနှင့် ၈၁ ဦး အသီးသီးရှိကြောင်း ဖော်ပြထားသည်။ Lao Cai နှင့် Yen Bai ပြည်နယ်ရှိ တာအိုမြစ် ရေမျက်နှာပြင်သည် ယနေ့မနက်အစောပိုင်းတွင် ၁၉၆၈ နှင့် ၂၀၀၈ ခုနှစ်က သမိုင်းဝင်စံချိန် တစ်မီတာထက် ကျော်လွန်ခဲ့သည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
ဟနွိုင်းမြို့ရှိမြစ်နီမြစ်တွင် ရေမျက်နှာပြင်မြင့်တက်မှုကြောင့် ယမန်နေ့ညပိုင်းမှစတင်ကာ မြို့အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြထားသည်။
ဗီယက်နမ်ဝန်ကြီးချုပ်က တိုင်ဖွန်းမုန်တိုင်းဒဏ်ခံရသောပြည်နယ်များအတွက် အမေရိကန်ဒေါ်လာ လေးသန်းခန့် ခွဲဝေထောက်ပံ့ပေးရန် ဆုံးဖြတ်ထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို