ဇူလိုင် ၁၄
ဗီယက်နမ်နိုင်ငံတွင် ယခုနှစ်ပထမခြောက်လအတွင်း ယာဉ်မတော်တဆဖြစ်မှုပေါင်း ၄၉၇၀ မှုရှိပြီး ယာဉ်မတော်တဆဖြစ်ပွားမှုသိသိသာသာကျဆင်းခဲ့ကြောင်း အမျိုးသားယာဉ်ဘေးကင်းလုံခြုံရေးကော်မတီက ပြောကြား သည်။
ယခုနှစ်ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှုများဖြစ်ပွားမှုကြောင့် ၂၈၆၅ ဦး သေဆုံးပြီး ၂၀၀၉ ဦး ဒဏ်ရာပြင်းထန်စွာရရှိကာ ၁၄၆၂ ဦး ဒဏ်ရာအနည်းငယ်ရရှိကြောင်း ထိုကော်မတီ၏ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းစာဗီယက်နမ်နယူးစ်တွင် ဇူလိုင် ၁၂ ရက်က ဖော်ပြထားသည်။
အဆိုပါယာဉ်မတော်မှုများဖြစ်ပွားမှုသည် လွန်ခဲ့သောနှစ် အလားတူကာလ ယာဉ်မတော်တဆဖြစ်ပွားမှုများနှင့်နှိုင်းယှဉ်ပါက ၁၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးမှုသည် ၁၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဒဏ်ရာအနည်းငယ်ရရှိမှုသည် ၁၅ ဒသမ ၃ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့သည်။
ယာဉ်မတော်တဆမှုများကြောင့် ဒဏ်ရာပြင်းထန်စွာရရှိမှုသည် တစ်နှစ်ထက်တစ်နှစ် ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု သိရသည်။
နိုင်ငံတစ်ဝန်းတွင် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ယာဉ်မတော်တဆမှု ၂၇ မှုဖြစ်ပွားပြီး ၁၆ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၁၉ ဦးရှိကြောင်း ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံတွင် ၂၀၂၂ ခုနှစ်က ယာဉ်မတော်တဆဖြစ်ပွားမှုပေါင်း ၁၁၄၄၈ မှုရှိပြီး ၆၃၆၄ ဦး သေဆုံး၊ ၄၂၁၅ ဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ၃၆၁၃ ဦး ဒဏ်ရာအနည်းငယ်ရရှိကြောင်း ယာဉ်ထိန်းရဲဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို