ဇန်နဝါရီ ၇
ဗီယက်နမ်နိုင်ငံသို့ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၁၇ ဒသမ ၆ သန်းနီးပါး စံချိန်တင်ဝင်ရောက်မှုရှိရာ ၂၀၂၃ ခုနှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှုထက် ၃၉ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ဗဟိုစာရင်းအင်းရုံး၏ ဖော်ပြချက်ကိုကိုးကားပြီး ဗီယက်နမ်သတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။
နိုင်ငံအတွင်းသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုများအနက် အာရှမှခရီးသွားလာရောက်မှုအများဆုံးဖြစ်ပြီး ခရီးသွားအရေအတွက် ၁၄ သန်း နီးပါးရှိရာ လွန်ခဲ့သောနှစ်က ခရီးသွားဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ၄၃ ဒသမ ၁ ရာခိုင်နှုန်း မြင့်မားကြောင်း၊ ဉရောပမှလာရောက်သောခရီးသွား ၁ ဒသမ ၉ သန်းကျော်ရှိပြီး အမေရိကမှခရီးသွားဝင်ရောက်မှု ၁ သန်းကျော်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့လာရောက်သောနိုင်ငံခြားခရီးသွားများအနက် လေကြောင်းဖြင့်လာရောက်သော ခရီးသွား ၁၄ ဒသမ ၈ သန်းကျော်ရှိရာ ခရီးသွားဝင်ရောက်မှုပေါင်း၏ ၈၄ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး လွန်ခဲ့သောနှစ်ကထက် ၃၅ ဒသမ ၆ ရာခိုင်နှုန်းပိုမိုကြောင်း၊ ရေကြောင်းဖြင့်လာရောက်သောခရီးသွား ၂၄၈၁၀၀ နီးပါးရှိပြီး ကုန်းကြောင်းဖြင့် ခရီးသွားဝင်ရောက်မှု ၂ ဒသမ ၅ သန်းနီးပါးရှိကြောင်း ဖော်ပြထားသည်။
ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများမှ ၂၀၂၄ ခုနှစ်အတွင်း ဗီယက်နမ် ဒေါင် ၆၂ ဒသမ ၅ ထရီလီယံ( အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅ ဘီလီယံ) ဝင်ငွေရရှိမည်ဟု ခန့်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို