ဇန်နဝါရီ ၇

ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာခရီးသွားများဝင်ရောက်မှုတွင် တရုတ်ပြည်မကြီးမှခရီးသွား အများဆုံးဝင်ရောက်ခဲ့ရာ နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားသားလာရောက်မှု၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် ခရီးသွား ၅ ဒသမ ၂၈ သန်းကျော်ရှိကြောင်း ဒေသခံမီဒီယာ VnExpress က  ယမန်နေ့က ဖော်ပြခဲ့သည်။

အဆိုပါခရီးသွားဝင်ရောက်မှုသည် ယခင်နှစ်ကခရီးသွားဝင်ရောက်မှုထက် ၄၁ ရာခိုင်နှုန်း တိုးလာသည်ဟု ဗီယက်နမ်အမျိုးသားစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  တောင်ကိုရီးယားခရီးသွား ဝင်ရောက်မှုသည် ဒုတိယနေရာတွင် ရပ်တည်ခဲ့ပြီး ယခုနှစ်အတွင်း ခရီးသွား ၄ ဒသမ ၃၃ သန်းခန့် ရောက်ရှိသည်ဟု သိရသည်။

တရုတ်ခရီးသွားများသည် ပထဝီဝင်အနေအထားအရ နီးကပ်ပြီး ခရီးသွားချိန်တိုတောင်းခြင်းကြောင့် ခရီးသွားဝင်ရောက်မှုများပြားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယမန်နှစ်က နိုင်ငံတကာခရီးသွားဝင်ရောက်မှုသည် နှစ်အလိုက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာကာ ၂၁ ဒသမ ၂ သန်းအထိ ရောက်ရှိခဲ့ပြီး စုစုပေါင်းခရီးသွားလုပ်ငန်းမှဝင်ငွေ  အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၈ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို