ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၀၇ ဦး ရှိလာ

၁ ဧပြီ

 

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ သုံးဦး ရှိပြီး စုစုပေါင်း ၂၀၇ ဦးရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညနေက အတည်ပြုပြောကြားခဲ့သည်။

 

အဆိုပါ ထပ်မံကူးစက်ခံရသူများထဲတွင် ဟနွိုင်းအခြေစိုက် Bach Mai ဆေးရုံသို့ ဝန်ဆောင်ပေးနေသည့် ကုမ္ပဏီတစ်ခု၏ အလုပ်သမားတစ်ဦးလည်း ပါဝင်သည်။

 

ထိုဆေးရုံသို့ ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီရှိ အလုပ်သမားများမှာ ရောဂါကူးစက်ခံနေရသည်ဟု အစောပိုင်းက အတည်ပြုခဲ့ပြီးဖြစ်သည်။

 

အခြားနှစ်ဦးမှာ ဟိုချီမင်းမြို့တောင်ပိုင်းရှိ ဘရာဇီးနိုင်ငံသားတစ်ဦးဖြစ်ပြီး ၎င်း၏ ဇနီး ဖြစ်သူမှာ ရောဂါကူးစက်ခံနေသည်ဟု အတည်ပြုပြီး ဖြစ်ကြောင်းနှင့် ထိုဘရာဇီးလူနာ၏ ဇနီးအတွက် ကားသမား ဖြစ်သူ ဗီယက်နမ်လူမျိုးတစ်ဦး တို့ ဖြစ်ကြသည်။

 

ဗီယက်နမ်အစိုးရ၏ တရားဝင်ဝက်ဘ်ဆိုက်အရ ယခုချိန်ထိ ကူးစက်ခံရသူ ၅၈ ဦးကို ကုသခဲ့ပြီးဖြစ်ကြောင်းနှင့် ကူးစက်ခံရသူနှစ်ဦး ထပ်မံ ကောင်းမွန်လာကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညနေက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

ဗီယက်နမ်နိုင်ငံတွင် သံသယလူနာ ၃၂၁၅ ဦးရှိပြီး သီးသန့်ခွဲထားသောစောင့်ကြည့်လူနာ အရေအတွက် ၇၅၀၀၀ ဦး အထက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

ဗီယက်နမ်နိုင်ငံတွင် ယခုအချိန်ထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မရှိသေးပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို