၇ သြဂုတ်
ဗီယက်နမ်နိုင်ငံတွင် ယခုနှစ်အတွင်းတိုက်ခတ်ခဲ့သည့် တတိယမြောက် အပူပိုင်းမုန်တိုင်းဖြစ်သော တိုင်ဖွန်းမုန်တိုင်း ဝစ်ပါ ကြောင့် ၁၂ ဦးသေဆုံးခဲ့ပြီး အခြား ကိုးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး နှင့် ထိန်းချုပ်ရေး ဗဟိုကော်မတီက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ မုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၂ ဦး ရှိမှာ သန်ရှ်ဟိုအာ ပြည်နယ် မြောက်ပိုင်းမှ ခုနှစ်ဦး နှင့် ဖူတို၊ ဆွန်လ၊ လာအိုကီ၊ ဒီအန် ဘီအန်၊ ဘက်ကန် အမည်ရှိ မြောက်ပိုင်းဒေသ အသီးသီးတို့မှ ငါးဦး တို့ဖြစ်ကြသည်။
ပျောက်ဆုံးနေသူ ကိုးဦးမှာ သန်ရှ်ဟိုအာ နှင့် ဒီအန် ဘီအန် ပြည်နယ်တို့မှ ဖြစ်ပြီး ယမန်နေ့ညပိုင်းက ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
တိုင်ဖွန်းမုန်တိုင်း ဝစ်ပါ သည် သြဂုတ်လ ၂ ရက်နေ့က ကွမ်နင်းပြည်နယ်မြောက်ပိုင်းတွင် ချဉ်းကပ်တိုက်ခတ်ပြီးနောက် အပူပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားကာ မြောက်ပိုင်းဒေသများတွင် ရေကြီးမှု၊ မြေပြိုမှု၊ လေပွေတိုက်ခတ်မှု နှင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။
ယခုနှစ် ပထမ ခုနှစ်လအတွင်း ဗီယက်နမ်နိုင်ငံတွင် သဘာဝဘေးအန္တရာယ်များကြောင့် ၃၄ ဦး သေဆုံး (သို့မဟုတ်) ပျောက်ဆုံး၊ နေအိမ် ၁၅၆ လုံး ဖျက်ဆီးခံရပြီး အခြား နေအိမ်အလုံးပေါင်း ၃၀ဝ၀ကျော် ပျက်စီးခဲ့ကြောင်း၊ ဆန်စပါး နှင့်အခြားသီးနှံများ စိုက်ပျိုးမြေ ၃၇၀ဝ ဟက်တာ နှင့် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄ မီလီယံ တန်ဖိုး ရှိ ဗီယက်နမ်ငွေ ဒေါင်၂၃၉ ဘီလီယံ တန်ဖိုး စီးပွားရေးအရ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အထွေထွေ စာရင်းအင်းရုံးက ဖော်ပြခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် သဘာဝဘေးအန္တရာယ် နှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် ထိခိုက်မှုအများဆုံးရှိသည့် နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အရ သိရသည်။
ဗီယက်နမ်နိုင်ငံသည် နှစ်စဉ်ပျမ်းမျှအားဖြင့် တိုင်ဖွန်းမုန်တိုင်း ခြောက်ခု (သို့မဟုတ်) ခုနှစ်ခု တိုက်ခတ်မှုနှင့်ရင်ဆိုင်နေရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို