ကိုခက်ဝေ

 

နံနက်အရုဏ်ဦးကတည်းက ရွာလိုက်သည့်မိုး၊ ယခုတိုင် တစိမ့်စိမ့်တငြိမ့်ငြိမ့် ရွာနေဆဲ...။ စောစီးစွာ အိပ်တန်းထခဲ့ကြဟန်တူသည့် ခိုကလေးတွေခမျာမှာလည်း ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်က ညောင်ပင်ကိုင်းတွေမှာ မိုးခိုနေရဆဲ။ လူတစ်ယောက် ဖြတ်လျှောက်လာလိုက်တိုင်း မျှော်လင့်ချက်မျက်ဝန်းကိုယ်စီနှင့် ငံ့လင့်ကြည့်လိုက်၊ ဆိုင်မဖွင့်သေးသည့် ခိုစာသည် အဘွားကို မျှော်လိုက်နှင့် ယောက်ယက်ခတ်နေကြပြီ။ မနေ့ညနေက တစ်ပိုင်းတစ်ဖြတ် ဒုက္ခပေးခဲ့သည့် မိုးကြောင့် ခိုစာသည် အဘွားအို ဖျားနာနေပြီပဲလားမသိ။

 

အတော်ဆာလောင်နေကြသည့် ခိုလေးတွေကို သနားစိတ်ဝင်ကာ ကိုယ့်အိတ်ကပ်လေးထဲ ယမ်းယောင် စမ်းသပ်ကြည့်တော့ လက်ဖက်ရည်ဖိုး ၅ဝဝ တန် တစ်ရွက်ကလွဲလို့ အပိုမရှိ၊ ပါမလာ။ ကိုယ့်မှာ တစ်ထောင်မျိုး၊ နှစ်ထောင်မျိုးရှိနေလျှင် လမ်း ၄ဝ ထိပ်က မုန့်ဆိုင်မှာ ဘီစကစ်၊ ကိတ်ခြောက်လေးတွေဝယ်၊ ခြေမွပြီး သူတို့အတွက် အာသာပြေကျွေးမွေးခဲ့လို့ ရနိုင်သည်လေ။ သူတို့ဝမ်းနှင့် ကိုယ့်ဝမ်း အာဟာရ လွန်ဆွဲပွဲမှာ ကျွန်တော် အနိုင်ပိုင်းပြီး စွတ်ထွက်လာခဲ့မိသည်။ ခြေလှမ်းတွေက လေးကန်တုံ့ဆိုင်း။

 

“ညီလေး ခက်ဝေ... ညီလေး ခက်ဝေ”

 

လေထန်ကုန်းကဖေးရှေ့ ဖြတ်အလျှောက် ရင်းနှီးပြီးသားခေါ်သံကြောင့် ငဲ့စောင်းကြည့်မိလိုက်သည်။ လွယ်အိတ်လေးတွေ၊ လက်ဆွဲအိတ်လေးတွေ ရင်မှာပိုက်ပြီး ထိုင်နေကြသည့် စာရေးဆရာများစွာကြား ဘယ်သူက မိမိကို ခေါ်သည်မသိ။ ခပ်မှောင်မှောင် အတွင်းဝိုင်းထဲ ဝေ့ဝဲကြည့်တော့မှ လက်လှမ်းပြနေသည့် ဆရာ ဦးစိုးတင့်(စိုးတင့်ထူး)ကို လှမ်းမြင်သည်။ သူ့စတိုင်အတိုင်းဦးထုပ်လေး ခပ်ငိုက်ငိုက်၊ လွယ်အိတ်စင်းကျားလေး ရင်မှာပိုက်၊ ဆေးလိပ်တိုလေး ကိုက်လျက်သား။

 

“လာ... ထိုင် ညီလေး” ဟုဆိုကာ သူ့ဘေးက လွတ်နေသည့် ထိုင်ခုံတစ်လုံးမှာ နေရာပေးသည်။ ပြီး တစ်ဆက်တည်းမှာပဲ သူနှင့် အတူ ထိုင်နေနှင့်သည့် ဆရာတစ်ဦးနှင့် မိတ်ဆက်ပေးသည်။

 

“ညီလေး ခက်ဝေ၊ ဒါ ဆရာဦးအောင်မြင့်တဲ့။ နင် သိလောက် ပါတယ်၊ ဆရာ... ဒါ ကျွန်တော့်ညီလေး စာပေငရှည် ကိုခက်ဝေတဲ့”

 

ဦးစိုးတင့်က ဝသီအတိုင်းပဲ ခပ်ရွှင်ရွှင်။ သူ စာပေဗိမာန်မှာ တာဝန်ထမ်းစဉ် စာတိုပေစလေးတွေ ရွတ်ရွတ်ပြ၊ စာပေအကြောင်း ငြင်းကြခုံကြတော့ “နင်က စာတိုငညို မဟုတ်ဘူး၊ စာပေငရှည်” ဟု နောက်ပြောင်ပြောရာက သူ့နှုတ်ဖျားမှာတွင်သွားသည့် သညာတစ်ခု။ ဘေးကဆရာဦးအောင်မြင့်က အသိအမှတ်ပြုပြုံးပြပြီး တစ်ခုခု သောက်လေဟုဆိုသည်။ မိမိကမမှာရဲ၊ ဒီဝိုင်းမှာ ကိုယ်က အငယ်ဆုံးမို့ ဂါရဝပြုခြင်းပြု ကိုယ်ကပြုရမည့်သူ မဟုတ်လော။ သည်တော့ ဟန်ကိုယ့်ဖို့အနေဖြင့် “နေပါစေ ဆရာ၊ သောက်ခဲ့ပါပြီ”ဟုပဲ မုသားဖြူလေး သုံးလိုက်မိသည်။

 

ဆရာဦးစိုးတင့်ထူးကတော့ ဖိတ်ခေါ်ခဲ့သူပီပီ ရေနွေးကြမ်းလေး တစ်ခွက်ငှဲ့ပေးရင်း “ထူးထူးခြားခြား စောလှချည်လား ညီလေး” ဟု ပြုံးရင်း စကားစသည်။ ဘယ်တော့မှ ရုံးစောစောမရောက်တတ်သည့် မိမိအကျင့်ကို သူ မေ့သေးဟန်မတူ။

“စာမူကိစ္စတစ်ခုရှိလို့ ဦးစိုးတင့်ရေ၊ စာပေဗိမာန် စိန်ရတုမဂ္ဂဇင်းအတွက် ဆရာသမားတစ်ယောက်က သူ့စာမူ စာစီပြီးသားကို လာစစ်မယ်ဆိုလို့ စောစောလာနှင့်တာ” ပြောရင်းက “ဟုတ်သားပဲ၊ ဦးစိုးတင့် လည်း တစ်ခုခုရေးလေ”ဟု ကမ်းလှမ်းဖြစ်သည်။ စိန်ရတုမဂ္ဂဇင်း အသံကြားစဉ်ကပင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည့် သူ့အသွင်က တစ်ခုခုရေးပါ ဆိုလေမှ ညှိုးရော်သွားသယောင်။ ပြီး ပင့်သက်တစ်ချက် ရှိုက်ရင်း “ငါ့ကဗျာ သုံးပါ့ မလားဟာ”ဟု ဆိုရှာသည်။

 

“ရေးမှာသာ ရေးပါဗျာ၊ ဦးစိုးတင့်လည်း စာပေဆုများရှင်၊ စာပေဗိမာန်ထွက်ပဲ”ဟု အားပေးစကားဆိုရင်း “ပြောသာပြောရ ကျွန်တော်လည်း ဘာရေးဖြစ်မလဲ မသိဘူးဗျ” ဟု ရယ်ဖော့ဖော့ပြောမိသည်။ စာတည်းမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်သွားသည့် ဆရာဦးအောင်သန်း၊ ဆရာဦးစန်းတင့် (စာတည်း တာဝန်ခံ-ငြိမ်း)၊ ဆရာ ညွန့်ဟံ (ကြူတော) တို့ဆီတော့ စာမူတွေ တောင်းထားနှင့်ပြီး တချို့ စာစီနေနှင့်ပြီ။ မိမိမှာက ဘာစာမှ ထွက်မလာသေး။ ကဗျာရေးရ ကောင်းနိုး၊ ဆောင်းပါး ရေးရနိုးဖြင့် ချာလည်လည်နေဆဲ..။

 

“ကျွန်တော် ပထမက ကဗျာရေးမလို့ပဲ၊ နောက်တော့ အာရုံပြောင်းပြီး ဆောင်းပါးရေးဖို့ ရည်ရွယ်နေတာ” ဟု ရင်ဖွင့်မိသည်။ ဦးစိုးတင့် ကတော့ တွေးတွေးဆဆနှင့် ကောင်းသားပဲဟု ဆိုသည်။

 

“ဒီလို ဦးစိုးတင့်ရ... ကျွန်တော် စာပေဗိမာန် နှစ် ၇ဝ မှာ ကဗျာ တစ်ပုဒ် ဝင်ရေးသေးတယ်ဗျ၊ ဒါပေမယ့် အဲဒီစာအုပ်မှာ အမှန်ရေးချင် နေတာ တစ်ခုရှိတာက စာပေဗိမာန်အကြောင်း၊ စာပေဗိမာန်ကို ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်မှာ စတင်ဖွဲ့စည်းတယ်၊ ဦးနုတို့၊ ဦးခင်မောင် လတ်တို့ ဦးဆောင်တယ်၊ ဝိဇ္ဇာစာတည်းအဖွဲ့၊ သိပ္ပံစာတည်းအဖွဲ့ဆိုပြီး အယ်ဒီတာတွေ ခေါ်တယ်၊ ပြီးတော့ ရန်ကုန်တက္ကသိုလ်ထဲကအဆောက် အအုံတစ်ခုကို ခေတ္တငှားပြီး ဆိုင်းဘုတ်တင်တယ်၊ ရုံးထိုင်ကြတယ်၊ နောက်တော့ ဆိုရန်တိုဗီလာကို ဝယ်ယူပြီး ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) ရယ်လို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာတွေက စာပေဗိမာန် သမိုင်းတွေ ဆောင်းပါးတွေမှာ ဖော်ပြပြီးနှင့်ပြီဗျ”

 

“အင်း… အဲဒီတော့”

 

“အဲဒီတော့ ဦးစိုးတင့်ရာ... ကျွန်တော် တကယ်သိချင်တာ ရေးချင်တာက ဘာသာပြန်စာပေအသင်း စတင်ရုံးထိုင်တဲ့ စတင်ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ထဲက အဆောက်အအုံဆိုတာ ဘယ်နေရာလဲဆိုတဲ့ အချက်ပဲ၊ ကျွန်တော် တတ်နိုင်သမျှ စာအုပ်အတော်များများ၊ ဆရာအတော်များများကို မေးကြည့်ဖွေရှာကြည့်တယ်၊ ကျွန်တော့်အားနည်း ချက်ကြောင့် အတိအကျ မသိရဘူး”

 

ဦးစိုးတင့်က ခေါင်းတဆတ်ဆတ်ညိတ်နေရင်း “အေး... နင်ပြောမှ သတိပြုမိတယ်ဟ၊ ငါလည်း မသိဘူး”ဟု ရယ်ပြော ပြောရှာသည်။

 

“ကံကောင်းချင်တော့ ကျွန်တော် ဒီသင်္ကြန်ပိတ်ရက် နေပြည်တော် ပြန်ရင်း အဖေ့စာအုပ်တွေ မွှေနှောက်ရာက ဆရာကြီး ဒဂုန်ရွှေမျှားရဲ့ ဘဝနှင့် အတွေ့အကြုံ စာအုပ်ထူကြီး ဖတ်ခွင့်ရလိုက်သဗျ”

 

“ခင်ဗျားပြောလို့ ဆရာကြီး ဒဂုန်ရွှေမျှားက စာပေဗိမာန် အရာထမ်းဟောင်းပဲ၊ နောက်ပိုင်းမှာ ပညာရှင်အဖွဲ့ထဲတောင် ပါခဲ့သေး တာ”ဟု ဆရာဦးအောင်မြင့်က စကားထောက်သည်။

 

“ဟုတ်တယ် ဆရာ… ဆရာကြီးက စာပေဗိမာန် ကနဦးဖွဲ့ကတည်းကိုက စာပြုအဖြစ်နဲ့ တာဝန်ထမ်းခဲ့တာ၊ နောက်ပိုင်း အခုကုန်သည်လမ်း စာပေဗိမာန် အထိဆိုပါတော့၊ အဲ... အဲဒီဆရာကြီး စာအုပ်ကို ဖတ်ရတော့မှ သူ့ဘဝတစ်စိတ်တစ်ပိုင်း စာပေဗိမာန်မှာ ပါဝင်ခဲ့တာ၊ စာပေဗိမာန် စတင်ဖွဲ့စည်းခဲ့တာ၊ စာအုပ်ထုတ်ဝေတာ၊ စွယ်စုံကျမ်းတွေ ပြုစုတာ၊ ပဒေသာကပွဲ၊ ဟောပြောပွဲ၊ စာပေဆုပေးပွဲ ကျင်းပခဲ့တာတွေ ကို ခုနှစ်သက္ကရာဇ်နဲ့ကို မှတ်တမ်းပြုစုထားတာကို တွေ့ရတယ်၊ ကျွန်တော် ဝမ်းအမြောက်ဆုံး၊ ဝမ်းမြောက်လွန်းလို့ ထခုန်မိမတတ် ဖြစ်သွားစေတဲ့ မှတ်တမ်းတစ်ခုကတော့ ဦးစိုးတင့်ရေ… ကျွန်တော် ဆယ်စုနှစ် တစ်ခုကျော်တိုင် ရှာဖွေနေတဲ့ သိချင်နေတဲ့ မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း ခေတ္တငှားရမ်း ဖွင့်ခဲ့တယ်ဆိုတဲ့ အဆောက် အအုံနေရာကို ဆရာကြီးရဲ့ စာအုပ်မှာ အတိအကျဖော်ပြထားလို့ပဲဗျ”

 

“ဟေ... ဟုတ်လား၊ ပြောပါဦး ဘယ်အဆောက်အအုံတဲ့လဲ”

 

“ဆရာကြီး ဒေါက်တာလှဘူးအိမ်တဲ့”

 

 

“ဟာ…”

“ဪ... ပါမောက္ခ ဒေါက်တာလှဘူးဆိုတော့ ဒဿနိကပါမောက္ခ ထင်တယ်”

 

“ဟုတ်တယ် ဆရာ၊ ပါမောက္ခ ဒေါက်တာဦးလှဘူးအိမ်ကို ခေတ္တငှားရမ်းကာ အသင်းကို စတင်ဖွင့်လှစ်သည်လို့ ဆိုထားတာ၊ အဲဒီလို သိလိုက်ရမှပဲ ဦးစိုးတင့်ရာ အနှစ်နှစ်အလလ သိခွင့်မရလို့ ဘဝင်မကျ ဖြစ်နေတဲ့စိတ်က အစိုင်အခဲကျေသွားသလို ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်းဗျာ”

 

“ဒါပေါ့ ညီလေးရ၊ ကိုယ်မသိတဲ့ သိခွင့်မရသေးတဲ့အရာတစ်ခုကို သိလိုက်ရတာ၊ ခေါင်းစဉ်စဉ်းစားရခက်နေတဲ့ ကဗျာတစ်ပုဒ်အတွက် စားမဝင် အိပ်မပျော်ဖြစ်နေရာက ရုတ်တရက်ခေါင်းစဉ်လေးတစ်ခု ဖျတ်ခနဲ တွေးလိုက်မိ၊ တွေ့လိုက်မိတာမျိုးက ဘာနဲ့မှနှိုင်းမရတဲ့ အရသာပဲဟ”

 

ဆရာစိုးတင့်ထူးကတော့ ကဗျာသမားပီပီ တစ်ခုခုဆို ကဗျာ အတွေးလေးနဲ့ နှိုင်းဆလိုက်ရမှ။

 

“ပြီးတော့ ရှိသေးတယ် ဦးစိုးတင့်ရ”

 

“ဟေ… လုပ်ပါဦး စာပေငရှည်ရ”

 

“ပြောရင်းက ဖောက်လာပြန်ပြီ၊ ဒီစာပေငရှည်ဆိုတာကြီး၊ စောစောကပြောတဲ့ ရန်ကုန်တက္ကသိုလ်ထဲက ပါမောက္ခဒေါက်တာ လှဘူးအိမ်မှာ ဘာသာပြန်စာပေအသင်းကို စတင်ရုံးစိုက်ပြီး ၁၉၄၈ ခုနှစ် မေလရောက်တော့ ဆိုရန်တိုဗီလာ အဆောက်အအုံကို ဝယ်ယူပြောင်းရွှေ့ပြီးနောက်တော့ စာအုပ်ထုတ်ဝေရေးတွေ၊ သတင်းစာ သင်တန်းတွေ၊ စာပေဟောပြောပွဲတွေ ကျင်းပနေရာက စာအုပ် ထုတ်ဝေဖြန့်ချိရေးပိုင်းတွေ၊ စာကြည့်တိုက်လို စာပေဝန်ဆောင်မှုလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ အခုစာပေဗိမာန် နေရာဖြစ်လာမယ့် ကုန်သည်လမ်းက အမှတ် ၅၂၉-၅၃၁ နေရာကို ငွေကျပ် ၁၂၅ဝဝဝ နဲ့ ဝယ်ယူပြီး အင်ဂျင်နီယာ မစ္စတာ ဟူစိန်က ဒီဇိုင်းရေးဆွဲ၊ ကန်ထရိုက်တာ မစ္စတာ ယူစွပ်က ဆောက်လုပ်ခဲ့တာ စုစုပေါင်း ငွေကျပ် ၁၆၈၅ဝဝဝ ကျသင့်ခဲ့တယ်ဆိုတာတွေကို စာပေ ဗိမာန်က ထုတ်ဝေခဲ့တဲ့ စာပေဗိမာန်မဂ္ဂဇင်းထဲမှာ ဖတ်ရှုမှတ်သားခဲ့ ဖူးတယ်ဗျ။ ဒါပေမယ့်...”

 

“အဲ… လုပ်ပါဦး၊ ဒါပေမယ့်လေး ထပ်ဆင့်ပါလာပြီဆိုတော့”

 

“ဖြည်းဖြည်းပေါ့ ဦးစိုးတင့်ရာ၊ ခုပြောမယ့် စကားက ဦးစိုးတင့် ပိုစိတ်ဝင်စားနိုင်မယ့် အချက်ဗျ၊ ဟဲ... ဟဲ”

 

“တိန်... ငါက ဘာကိုပိုစိတ်ဝင်စားရမှာတုန်း၊ ဒီမှာ ပင်စင်သွားတာ ဖြင့် နင့်သားအသက်ထက်တောင် ကြီးနေမှ” ဟု ဆိုကာ

 

“ကဲပါ စာပေငရှည်ရယ်... နင် ဒီလောက် လေရှည်နေမှတော့ လက်ဖက်ရည်သောက်လိုက်ပါတော့” ဟု ပြောပြောဆိုဆို ပေါ့ဆိမ့် တစ်ခွက် မှာပေးလေတော့၏။

 

ဟုတ်ပေသား၊ လေအတော်ရှည်နေမိသည့်အတွက် စောစောက ဗိုက်ဆာနေသည့်စိတ်လေး ဘယ်လွင့်ပြေးသည်မသိ။ ဦးစိုးတင့်မှာပေး သည့် ပေါ့ဆိမ့်လေး ရောက်လာတော့မှ အူအော်အသံ အတန်ငြိမ်းအောင် တစ်ရှိန်ထိုး ကောက်ယူမော့ချလိုက်တော့သည်။

 

“ကိုင်း... ဆက်ပါဦး ဆရာစာပေ… အဲ.. အဲ..”

 

လက်ဖက်ရည်ဒကာ ဆရာဦးအောင်မြင့်က ဦးစိုးတင့် လေဖြင့် ခေါ်မည်ပြုပြီးခါမှ ဘရိတ်အုပ်လိုက်ပြီး တဟဲဟဲရယ်နေသည်။

 

“ဒီလို ဆရာ… အခု ကုန်သည်လမ်း စာပေဗိမာန်ကို စပြီးမတည်ဆောက်မီ မြေကွက်နေရာနဲ့ ဆောက်လုပ်ပြီးစီးမယ့်အခါ မြင်တွေ့ ရမယ့် စာပေဗိမာန် အဆောက်အအုံဆိုပြီး ဒီဇိုင်းပုံတွေကို စာပေ ဗိမာန်မဂ္ဂဇင်းတစ်အုပ်မှာ ဖတ်ရဖူးတယ်၊ အဲဒီတုန်းက စာပေဗိမာန် တည်ဆောက်မယ့်နေရာဆိုတာ တဲလေးတွေလိုလို အဆောက်အအုံ နိမ့်နိမ့်လေးတွေကို ဓာတ်ပုံမှာတွေ့ရတော့ ဪ... ဒီနေရာမှာ ကျူး တဲလေးတွေများနေခဲ့ကြလေသလား ဘာလားပေါ့ ဆရာရယ်၊ ဓာတ်ပုံ ဝါးဝါးကြည့်ပြီး အတွေးဝါးဝါးပေါ့၊ ပြီးတော့ စာပေဗိမာန်ဆောက်ဖို့ ဒီမြေနေရာကို ငွေကျပ် ၁၂၅ဝဝဝ နဲ့ ဝယ်လိုက်တယ်ဆိုတော့လည်း အဲဒီပိုင်ရှင်လေးတွေ ဘယ်ဆီများ ရောက်သွားသလဲပေါ့”

 

“အေးပေါ့... နင်က ကုန်သည်လမ်းမှာ ကျူးတဲရှိမယ် ထင်ထားတာ အတော်ရွှေဉာဏ်တော် ကြီးတာပေါ့”

 

ထဖောက်လိုက်သည့် ဦးစိုးတင့်စကားကြောင့် စကားပင် ဆက်မရ တော့ဘဲ တဟဲဟဲရယ်မောမိသည်။ ဟုတ်တော့လည်း အဟုတ်သား။ ဟိုယခင်ကပင် စထရင်းဟိုတယ်တို့၊ ဆူးလေဘုရားလမ်းတို့နှင့် နီးကပ် သည့် စည်ကားလှသော ဤနေရာဝယ် ဘယ်ဆီက ကျူးတဲတို့ရှိနေနိုင်မည်နည်း။ အတွေးတိမ်မိသည့် မိမိအဖြစ်ကို ကိုယ်တိုင်ရှက်ပြီး ရယ်မောမိခြင်း ဖြစ်သည်။

 

“ပြောလည်းပြောတော့ ဦးစိုးတင့်ရေ၊ ကျွန်တော်ကလည်း ကျွန်တော်ပဲ၊ အဲ... စောစောကပြောတဲ့ တဲလေးတွေလိုလို နေရာကို စိတ်ဝင်စားခဲ့မိတာတော့ အမှန်ပဲဗျ။ ဒါပေမယ့် မထင်မှတ်တဲ့နေ့မှာ မထင်မှတ်ထားတဲ့ သူဆီက မထင်မှတ်ထားတဲ့ စာလက်ဆောင်တစ်ခု ရလိုက်တော့မှ ရန်ကုန်တက္ကသိုလ်ထဲက အဆောက်အအုံနေရာကို သိလိုက်ရသလိုမျိုး ထခုန်မိတော့တာပဲဗျ” ဟုဆိုကာ ခြောက်နေသည့် အာခေါင်ကို ရေနွေးတစ်ခွက် စွက်လိုက်စဉ်-

 

“အေးပေါ့၊ နင့်အရပ်နဲ့ ထခုန်တော့ ကြည့်လှနေ ဦးမှာပဲ”ဟု ဆရာ ဦးစိုးတင့်ထူးက ထဖောက်ပြန်သည်။

 

“ကျွန်တော် ညတာဝန်မှူးကျတဲ့ တစ်ညဗျ၊ ဦးစိုးတင့်လည်း သိပါတယ်၊ လုံခြုံရေးက ကိုမောင်အေး လေ”

 

“ဪ.. အေး.. အဲဒီကလေးတောင် ပျောက်နေတာကြာပြီ။ အင်မတန်အေးတဲ့ကလေး။ သတိရတယ်ကွာ”

 

လွမ်းရိပ်ငွေ့ငွေ့တို့ ဦးစိုးတင့်မျက်ဝန်းမှာ စွန်းထင်လာသည်။

 

“ကျွန်တော်လည်း မတွေ့တာ လေးငါးနှစ်ရှိပြီဗျ၊ နေမှ ကောင်းရဲ့ လား မသိဘူး၊ အဲဒီ ကိုမောင်အေးက ကျွန်တော် ဝါသနာပါမှန်း သိလို့ဆိုပြီး သူရှာဖွေစုဆောင်းထားတဲ့ စာစောင်အဟောင်း တစ်စောင် လက်ဆောင်ပေးပါရောလား၊ ကျွန်တော်က ကျေးဇူးတင်ကြောင်း ပြောပြီး ယူထားလိုက်မိပေမယ့် အဲဒီညက မဖတ်မိသေးဘူးဗျ၊ဘာစာမှန်း လည်း မသိဘူး၊ နောက်တစ်နေ့ အိမ်ရောက်လို့ သူပေးတဲ့ အိတ်ကို ဖွင့်ပြီး ဆွဲထုတ်ယူလိုက်တော့မှဗျာ၊ စာရွက်တွေဆိုတာ ထိလိုက်တာနဲ့ တစ်စစီ ပဲ့လုပဲ့ခင် ဆွေးမြည့်ဟောင်းနွမ်းနေရောပဲ၊ ဒါနဲ့ အပျို့ပါးတို့သလို တယုတယလေး ထုတ်ယူပြီး မျက်နှာဖုံးကို ကြည့်လိုက်တော့ မှ လားလား ၁၉၃၆ ခုနှစ်ထုတ် မြန်မာ့အလင်း ဖြစ်နေတာကိုးဗျ”

 

“ဟ... ဒါဆို လွတ်လပ်ရေးမရခင်က...”

 

“ဟုတ်တယ် ဆရာရေ၊ အဲဒီခေတ်က ထုတ်ဝေခဲ့တဲ့ မြန်မာ့အလင်းကြီး၊ ကျွန်တော့်မှာ ဝမ်းလည်းသာ၊ လူလည်း ကတုန်ကယင်ကြီးဖြစ်ပြီး လက်ဆောင်ပေးတဲ့ ကိုမောင်အေးကြီးသာ အနားမှာရှိရင် ဖက်နမ်းမိမှာ အသေအချာပဲ၊ အဲဒီလောက် စေတနာကောင်းသူကြီးဆိုပြီး၊ ဒါနဲ့ပဲ တစ်ရွက်ချင်း တစ်မျက်နှာချင်းဖတ်၊ အဲဒီခေတ်က ပန်းတနော် ကျောင်းအုပ်ကြီး ရာထူးပဲရှိသေးတဲ့ ဦးသန့်ရဲ့ ဆောင်းပါးတွေ၊ မအမာ (တက္ကသိုလ်) ကလောင်အမည်နဲ့ ရေးထားတဲ့ အမေ လူထုဒေါ်အမာရဲ့ ဆောင်းပါးတွေ၊ ဆရာကြီးပီမိုးနင်း၊ တက္ကသိုလ်သမဂ္ဂကိုနု အမည်နဲ့ ရေးခဲ့တဲ့ ဦးနု၊ ဆရာကြီး ဦးညာဏတို့ရဲ့ စာတွေ၊ ကာတွန်းဦးဟိန်စွန်းရဲ့ ကာတွန်းတွေ၊ ရှေးခေတ် မြန်မာ့အနုလက်ရာ ပန်းချီလက်ရာတွေကို ဖော်ပြထားတဲ့ စာမျက်နှာတွေကို ကုန်သွားမှာစိုးလို့ တစိမ့်စိမ့်ဖတ်နေရာက တစ်စောင်လုံးဖတ်ပြီး နောက်ကျောဖုံးကိုလည်း လှန်လိုက်ရော အဲဒီခေတ်က ဗျစ်ကုမ္ပဏီကြော်ငြာ၊ ဒီခေတ်ဆိုရင် အရက်ကုမ္ပဏီ ကြော်ငြာပေါ့ဗျာ၊ “သော့တံဆိပ်ဗျစ်ရည်၊ သံဖုံးထဲတွင် ကံစမ်းမဲပါသည်” ဆိုတာကို ကြော်ငြာထားတာကိုးဗျ”

 

“ဟေ... ဒါဆို အရက်ပုလင်းဖုံးထဲ ကံစမ်းမဲထည့်တာက အဲဒီခေတ် ကတည်းကလို့ ဆိုလိုတာလား”

 

“ဟော... ပြောရင်းဆိုရင်း ဦးစိုးတင့်ကြီး စိတ်ဝင်စားလာပြီမို့လား၊ အသေအချာပဲ ဦးစိုးတင့်ရေ၊ ကျွန်တော်ဆို မျက်လုံးတောင် ပြူးသွား တယ်၊ ဟ... ခုခေတ် ကံစမ်းမဲဆိုတာ ခေတ်နောက်ပြန်ဆွဲ စတိုင်လား ဟ... ပေါ့၊ ထားတော့ဗျာ၊ အဲဒီအထိက ဘာဟုတ်သေးလို့လဲ၊ ကျွန်တော် လည်း ကြော်ငြာကို သဘောကျစိတ်ဝင်စားမိရာက အောက်ဆုံးက ကုမ္ပဏီလိပ်စာအထိပါ ဆက်ဖတ်လိုက်တော့မှ ထရေဒင်ကုမ္ပဏီ (နာမည်ဟောင်း ဟိတ်ကုမ္ပဏီ) အမှတ် ၅၂၉/၅၃၁၊ ကုန်သည်လမ်း ဆိုတဲ့လိပ်စာကို တွေ့လိုက်ရတော့ တာပါပဲဗျာ”

 

“ဟေ... ဒါဆို...”

 

“အဟုတ်ပဗျာ... စောစောက ကျွန်တော် ထင်မှားခဲ့တဲ့ တဲနိမ့်နိမ့်လေးတွေလို ဝေဝေဝါးဝါး အဆောက်အအုံတွေဟာ ထရေဒင်ကုမ္ပဏီပဲလား၊ ကုမ္ပဏီနောက်ပိုင်း အဆောက်အအုံလေးတွေပဲလား မဆိုနိုင်ပေမယ့် အဲဒီနေရာမှာ ကုမ္ပဏီတစ်ခု တည်ရှိခဲ့တယ်ဆိုတဲ့ အထောက် အထားကတော့ အခိုင်အမာ အထင်အရှားပဲ ဦးစိုးတင့်ရာ”

 

“အေးဟာ... ညီလေးခက်ဝေရာ၊ နင်ပြောတာ ဗဟုသုတရသလို နင့်ရဲ့ ရှာဖွေတွေ့ရှိမှုတွေကလည်း အံ့ဩစရာ တိုက်ဆိုင်မှုတွေ အပြည့်ပါပဲ”

 

“ကျွန်တော်လည်း အဲဒါ အံ့ဩတာ၊ ဆရာကြီး ဒဂုန်ရွှေမျှား စာအုပ်ထဲက တွေ့ရှိချက်ကတော့ထားဗျာ၊ အခု ဒီနေရာကိစ္စကတော့ ဒီကြော်ငြာပါတဲ့ ရှေးဟောင်းရှားပါး သတင်းစာကတော့ သိချင်လွန်းနေတဲ့ ကျွန်တော့် လက်ထဲ မရောက်ရောက်အောင် လာထည့်ပေးလိုက်လေသလားလို့တောင် တွေးမိတယ်”

 

ကျွန်တော်နှင့် ဦးစိုးတင့်တို့ အပြန်အလှန်ပြောစကားကို နားထောင်နေသည့် ဆရာဦးအောင်မြင့်က ခေါင်းတဆတ်ဆတ်ညိတ်လျက် “ဒါ ဂမ္ဘီရလို့ ဆိုရမလား၊ စိတ်စွမ်းအားလို့ ဆိုရမလားပဲဗျ၊ ဒါမျိုးဆိုတာ ကြုံရခဲတဲ့ တိုက်ဆိုင်မှုတွေကိုး”ဟု တွေးတွေးဆဆ ဆိုသည်။

 

“နောက်တစ်ခုက…”

 

“နောက်တစ်ခု ရှိသေးတာလား၊ လုပ်ပါဦးဟ၊ သက်ငယ်စကား သက်ကြီးကြားရအောင်”

 

“ရှိသေးတာပေါ့ဗျာ… ပြောခဲ့တဲ့ နှစ်ခုလောက်နဲ့ ဘယ်ကလာ ဆောင်းပါးရေးလို့ဖြစ်မလဲ” ဟု ဆိုကာ လက်ဖက်ရည် တန်ခိုးကြောင့် ချဉ်လာသည့် ခံတွင်းကို အခိုးအငွေ့တချို့ဖြင့် အာသာဖြေလိုက်သည်။ (ဆေးလိပ် သောက်သည်ဟု မဆိုလို။)

 

“ကျွန်တော် အလုပ်ဝင်စကတည်းက စွယ်စုံကျမ်းနှစ်ချုပ်မှာ တာဝန်ထမ်းရတာ ဦးစိုးတင့် အသိသားပဲ၊ ကျွန်တော်ရောက်တော့ ဆရာဦးအုန်းလွင်က ပင်စင်နားစ အချိန်ဗျ၊ ဆရာဦးစိုးမြင့်သန်းတောင် တာဝန်ခံ မဖြစ်သေးဘူး”

“အေး… ဆရာလှိုင် (ဦးမောင်လှိုင်) က ပင်စင်နားပြီးပေမယ့် စာတည်းမှူးချုပ်တာဝန် ခေတ္တကိုင်နေရတုန်း”

 

“ဟုတ်တယ်… ကျွန်တော့်ဇနီး ဖြစ်လာမယ့် မယ်စီ (သန်းသန်းစီ) ကတော့ စာပေလက်ထောက်အဖြစ်နဲ့ စွယ်စုံမှာ ရောက်နှင့်နေပြီ”

 

“အောင်မာ… ကြော်ငြာကဝင်သေး” ဟု ဆိုရင်း ဦးစိုးတင့် တစ်ယောက် တဟားဟား။

 

“နောက်တော့ ဆရာဦးစိုးမြင့်သန်းနဲ့ နှစ်ယောက်သားရှေ့က ဆရာတို့ရဲ့ စာအုပ်ဗီရိုတွေကို ရှင်းရင်း စာလေးတစ်စောင် အမှတ်မထင် တွေ့ရပါရော”

 

“အဲ... ကောင်းခန်းရောက်တော့မယ် ထင်ရဲ့”

 

“အဟုတ်ပဲ ဆရာရေ… စာလေးတစ်စောင်လို့သာ ပြောရတာ၊ အမှန်က နှစ်စောင်ဗျ၊ အပြန်အလှန်ရေးထားကြတဲ့ စာနှစ်စောင်ရယ်၊ ကျွန်တော်က ရုတ်တရက်တော့ ဟောင်းမြည့်နေတဲ့စာတွေမို့ ရှေ့ဆရာတွေရဲ့ ကိုယ်ရေးကိုယ်တာ စာတွေနေမှာပဲဆိုပြီး အမှိုက်တောင်းထဲ လွှင့်ပစ်မလို့လုပ်ပြီးမှ လူထုဆိုတဲ့ အမှတ်တံဆိပ်ပါတဲ့စာလေး ပါနေတာနဲ့ စူးစမ်းတဲ့ သဘောဖွင့်ဖတ်လိုက်တော့မှ စာပေဗိမာန် စာတည်းမှူး တာဝန်ထမ်းနေတဲ့ ဆရာကြီး ဦးစံထွားနဲ့ မန္တလေးက ဆရာကြီး လူထုဦးလှနဲ့ အပြန်အလှန် ဆက်သွယ်ထားတဲ့စာ ဖြစ်နေတာကိုး ဆရာရဲ့”ဟုဆိုကာ စကားတစ်ဖြတ် နားထားလိုက်ရာ ဦးစိုးတင့် မိတ်ဆွေ ဆရာဦးအောင်မြင့်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ လက်ကို ဖျတ်ခနဲပုတ်ရင်း-ဆက်ပါဦး ကိုခက်ဝေရ၊ ဒီမှာ စိတ်ဝင်စားလို့ ကောင်းနေမှ” ဟု ဆိုလေသည်။

 

“ဟုတ်ကဲ့ ဆရာ၊ ရေးထားတဲ့ ကာလကတော့ ရက်စွဲပါအရ ၁၉၅ဝ ပြည့်နှစ် မတ်လထဲမှာပဲ၊ ရက်စွဲတော့ မမှတ်မိတော့ဘူးဆရာ၊အကြောင်း ကတော့ အဲဒီကာလမှာ ကျွန်တော်တို့ စာပေဗိမာန်က ပြည်သူ့ အကျိုးပြု စာအုပ်စာစောင်တွေ များစွာထုတ်ဝေဖြန့်ချိနေချိန်၊ နိုင်ငံရေးဘာသာရေးမပါတဲ့ စာစောင်တစ်စောင် ထုတ်ဝေလိုကြောင်း၊

 

ကနဦးမှာတော့ တစ်လတစ်ကြိမ်ထုတ်ရင်း နောက်ပိုင်းမှာ တစ်ပတ် တစ်ကြိမ် ထုတ်ဝေဖို့ ရည်ရွယ်ထားကြောင်း အဲဒီစာစောင်ကို ဆရာကြီး လူထု ဦးလှက တာဝန်ယူ ဆောင်ရွက်ပေးစေလိုကြောင်းတွေ ပါတယ်ဗျ”

 

“အဲဒီကာလဆိုရင် စာပေဗိမာန်မဂ္ဂဇင်း ထုတ်ဝေဖို့ တာစူနေတာများလားပေါ့ ကိုခက်ဝေ၊ စာပေဗိမာန်စာတည်းဌာန အသီးသီးကလည်း စာအုပ်မျိုးစုံကို ကိုင်တွယ်နေရတော့ ဆရာလူထုဦးလှကို လှမ်းဆက်သွယ်တာဖြစ်မယ်”

 

“ကျွန်တော်လည်း အစက အဲဒီလိုထင်တာ ဦးစိုးတင့်ရေ၊ စာပေ ဗိမာန် လစဉ်စာစောင်ကိုတော့ ထုတ်ဝေနေနှင့်ပြီး ၁၉၅၂ မှာ စာပေ ဗိမာန်မဂ္ဂဇင်းကို ထုတ်ဝေတာဆိုတော့ မဂ္ဂဇင်းအတွက်လို့ ယူဆ မိတယ်၊ ဒါပေမယ့် ဆရာကြီးဦးစံထွားက အပတ်စဉ်စာစောင်လို့ဆိုထား တော့ စာပေဗိမာန်ဂျာနယ်ဆိုပြီးထုတ်ဖို့ ရည်ရွယ်လေသလား တွေးမိပြန်တယ်”

 

“အေး... ဆက်ပါဦးဟ၊ အဲဒီတော့ ဦးလှက ဘယ်လိုစာပြန်သလဲ”

 

“အဲဒီတော့ ဆရာကြီး လူထုဦးလှကဂျာနယ်ထုတ်ဝေမယ့် အကြောင်းကြားရလို့ ဝမ်းသာကြောင်း၊ ထုတ်လည်း ထုတ်သင့်သလို တိုင်းပြည်အတွက် အကျိုးများမယ်ထင်ကြောင်း၊ သူ့အနေနဲ့က အစီ အစဉ်လေးတွေချထားပြီး ရှိနှင့်ပြီဖြစ်လို့ ဂျာနယ်ထုတ်ဝေရေး တာဝန်ကို မထမ်းရွက်နိုင်တာကို အစီရင်ခံပါကြောင်း၊ ဒါပေမယ့် ဝတ္ထု၊ ဆောင်းပါးကောင်းလေးတွေ ရရှိအောင် ကြိုးပမ်းပေးမယ့်အကြောင်း ပြန်ကြားလာတော့ တွေ့လိုက်ရတာပဲဗျ”

“အေးပေါ့ဟာ... မန္တလေးကနေ တကူးတက လာရမှာလည်းပါမယ် ထင်တယ်”

 

ကျွန်တော် ခေါင်းတစ်ချက် ညိတ်လိုက်ပြီး-

 

“ကျွန်တော်လည်း ဒီလိုပဲ ယူဆမိတယ်ဗျ၊ ပြီးတော့ အဲဒီအပတ်စဉ် စာစောင်ထွက်လာရင် ဘယ်လိုများ ဖြစ်လေမလဲလို့ တွေးကြည့်မိရဲ့”

 

တရစပ်ပြောဆိုနေကြရာမှ စကားဝိုင်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။ အတွေးကိုယ်စီ၊ စိတ်ကူး ကိုယ်စီတွေကြောင့်ဟု ထင်သည်။ ခဏကြာတော့မှ ကျွန်တော်ကပဲ တိတ်သွားသည့်ဝိုင်းကို ပြန်လည် လှုပ်နှိုးလိုက်သလို “ကျွန်တော် အဲဒီအကြောင်းလေးတွေ ရေးရင် ကောင်းမလားလို့”ဟု ဆိုမိသည်။ ကျွန်တော့် စကားဆုံးတော့ ဦးစိုးတင့် လည်း တွေခနဲ တစ်ချက်ဖြစ်သွားပြီး အကြံပေးဖို့ စဉ်းစားနေဟန် တူသည်။

 

ထိုစဉ်မှာပင် ဆရာဦးအောင်မြင့်က “ဟာ... ဘယ်က ရေးရင် ကောင်းမလား လုပ်နေမှာလဲဗျာ၊ ဒီလိုအကြောင်းတွေဆိုတာ ခင်ဗျား တို့ချင်း ပြောနေလို့သာ ကျုပ်တို့ နားထောင်နေရ သိရတာ၊ ဒါတွေကို စာဖတ်သူတချို့အနေနဲ့ တစ်စုတစ်စည်းတည်းသိဖို့ ဘယ်လွယ်မလဲဗျ၊ ပြီးတော့ ဒီလို စိန်ရတုအထိမ်းအမှတ်မျိုးမှာ ဒါမျိုးလေးတော့ ပါဝင် ရေးသင့်တာပေါ့ဗျာ၊ ရေးမှာသာ ရေးစမ်းပါ”ဟု တွန်းတွန်းတိုက်တိုက် ဆိုလာသည်။ သည်တော့မှပဲ-

 

“ဟုတ်တယ် ညီလေး၊ ဒါရေးကို ရေးသင့်တယ်၊ စောစောက မင်းပြောတဲ့ ဘာရေးရမှန်းမသိဘူးဆိုတဲ့စကားက မှားနေတယ်ကွ၊ အခု ငါတို့ပြောတဲ့ဆိုတဲ့ အကြောင်းကိုပဲ ချရေး၊ ဘာမှလှည့်ပတ်မနေ ပညာပြမနေနဲ့၊ ခုပြောတဲ့ စကားအတိုင်းသာရေး၊ ပြီးတော့…”

 

“တိန်ညောင်... တိန်ညောင်...”

 

ဆရာဦးစိုးတင့် စကားမဆုံးခင်မှာပင် ကျွန်တော့်ခါးကြားမှ ဖုန်းသံက စကားဝိုင်းကို တိခနဲ ဖြတ်ချသလို ဖြစ်သွားသည်။ ကပျာ ကယာ ကြည့်လိုက်တော့ ထင်မှတ်ထားသည့်အတိုင်း စာတည်းမှူးချုပ် ဟောင်း ဆရာဦးအောင်သန်း၏ဖုန်း။

 

“ဘယ်သူလဲ ညီလေး”

 

ကျွန်တော့်မျက်နှာ ကွက်ခနဲ ပျက်သွားတာမြင်ရော့ထင့်၊ ဆရာ ဦးစိုးတင့်က စိုးရိမ်တကြီး မေးရှာသည်။

 

“ဆရာ... CE ဦးအောင်သန်းဗျ၊ ရုံးရောက်နေပြီ ထင်တယ်ဗျာ၊ သူပေးထားတဲ့စာမူ လာစစ်မယ် ကြိုပြောထားခါမှ ကျွန်တော်က နောက်ကျနေပြီ”ဟု ဆိုကာ ကပျာကယာ ပြန်ထူးလိုက်သည်။ “ဟလို … ဟလို... ဟုတ်ကဲ့၊ ကျွန်တော် ရုံးရှေ့ရောက်နေပါပြီ” ဟူ၍။ ဆရာတို့ ကလည်း နားလည်ပေးရှာသည်။

 

“သွား သွား ညီလေး..နောက်မှဆုံတာပေါ့၊ ငါတို့ ပြောတာ မမေ့နဲ့၊ ဒီအကြောင်းကိုသာရေး”ဟု အားပေးကြသည်။

 

ကျွန်တော်လည်း လက်တစ်လုံးလောက် ကျန်နေသေးသည့် လက်ဖက်ရည်ခွက်ကျန်လေး ခွပ်ခနဲ ကောက်မော့လိုက်ပြီး-

“တကယ်တော့ ပြောစရာက မပြီးသေးဘူးဗျ၊ စာပေဗိမာန် ဒုတိယထပ်က အခုစာကြည့်တိုက်ခန်းမမှာ အောင်ဘာလေထီဖွင့်ပွဲတွေ လုပ်ခဲ့တဲ့အကြောင်း ကျန်သေးတာ၊ အဲဒါတော့ ၂ဝဝ၇ ခုနှစ် စာပေဗိမာန် သုတပဒေသာ (ဝိဇ္ဇာ) စာမူ (ပထမဆု) ရ ဆရာထင်လင်းကျော်ရဲ့ အောင်ဘာလေထီသမိုင်း စာအုပ်ကိုသာ ဖတ်ကြပေတော့ ဆရာ တို့ရေ” ဟုဆိုကာ လေထန်ကုန်းမှ ခပ်သုတ်သုတ် ထွက်လာခဲ့တော့သည်။

 

ကံကောင်းသူသွားလေရာ မိုးခလို့ရွာဟု ဆိုရမည်လားမသိ၊ ဆိုင်က ထွက်ထွက်ချင်းမှာပဲ မိုးက သွန်ချလိုက်သလို ဝေါခနဲ ရွာလာပြန်သည်။ မိုးရွာလိုက်တော့မှ စောစောက ခိုကလေးတွေဆီ အာရုံတစ်ဖန် ရောက်သွားမိပြန်သည်။ သူတို့လေးတွေ ညောင်ပင်ထက်မှာ၊ ညောင်ကိုင်းအောက်က မီးကြိုးလေးတွေပေါ်မှာ မိုးခိုလျက်ရှိဆဲ။ ဒါနရှင်တို့ကို မျှော်နေကြဆဲ။ ချိန်းထားပြီး နောက်ကျရသည့်အဖြစ်ကို နောက်မှပဲ ဆရာ့ကို တောင်းပန်ရပေတော့မည်။ ယခုတော့ ဆရာ ဦးအောင်မြင့် ကျေးဇူးကြောင့် မကုန်ကျလိုက်သည့် လက်ဖက်ရည် တစ်ခွက်ဖိုးကို ခိုလေးတွေအတွက် အာဟာရဒါနပြုခဲ့ရပေဦးမည်။

 

၃၈ လမ်းကို ဖြတ်ကူးပြီး စာပေဗိမာန်ရှေ့ရောက်တော့ ကျွန်တော့် မိခင်ဌာနကို တစ်ချက်မော့ကြည့်လိုက်မိပါသည်။ ဟိုးလွန်ခဲ့သည့် ၂၀၀၇ ခုနှစ်တုန်းကလည်း စာပေဗိမာန်ရုံးရှေ့မှာ အငယ်တန်းစာရေးဘဝဖြင့် ခြေစအချ၊ ယခုလိုပဲ မော့ကြည့်ခဲ့ဖူးသည်။ မော့ကြည့်ရင်းက စာပေဗိမာန်မဂ္ဂဇင်းမှာ ဆရာတက္ကသိုလ် မောင်မောင်ခင် ရေးဖွဲ့ခဲ့သည့် ကဗျာတစ်စက ရင်ထဲ ပဲ့တင်ထပ်လာသည်။

 

“မားမြင့်မြင့်ခေါင်စံ၊

တိမ်တိုက်စွန် နေခြည်လက်မှာ

ပြိုးပြက်ထိန်လျှံ။

ဗိမာန်မည် စာပေနန်းရယ်က

တစ်ခန်းဖွင့် ကြုံလာပြန်

ပြည်မြန်လုံး ကံမို့။

ဂန္ထဝင်

အမှန်ပင် တစ်ဖန်လှစ်ပေလိမ့်

လာလာလေ စာပေချစ်ရယ်

အားသစ်ပါစို့။ ။ ဟူ၍...

 

ဆရာကြီး တက္ကသိုလ်မောင်မောင်ခင် ဂုဏ်တင်ရေးဖွဲ့ခဲ့သည့် ဗိမာန်မည် စာပေနန်းသည်ကား ယခုဆိုလျှင် ၇၅ နှစ်အရွယ် စိန်ရတု သက်တမ်းသို့ ရောက်ရှိလာခဲ့ပေပြီ။ အတိတ်က ပြိုးပြက်ခဲ့သည့် အရှိန်အဝါတို့သည် ယခုကာလတိုင် မမှေးမမှိန်၊ မဖျော့မဝါး ဆေးသားတို့ ခိုင်မြဲတောက်ပနေဆဲ။ ရှေ့နှစ် ၁ဝဝ၊ နှစ် ၅ဝဝ၊ နှစ်ထောင်ချီသောင်းချီ ကာလအထိ ပြိုးပြက်ထိန်လျှံ စာပေဗိမာန်အဖြစ် တည်တံ့နေနိုင်ရေးသည်ကား ကျွန်တော်တို့ မျိုးဆက်၏ တာဝန်မဟုတ်ပါလား။