၂၃ ဇူလိုင်
ဗြိတိန်နိုင်ငံရဲ့ 5G နက်ဝက်ထဲမှာ ဟွာဝေးကုမ္ပဏီ ပါဝင်ခွင့်ရှိမရှိဆိုတာ အခုချိန်ဟာ ဆုံးဖြတ်ရမယ့် အခြေအနေမဟုတ်ဘူးလို့ မနေ့ (တနင်္လာနေ့) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
ဒီဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစားဝန်ကြီး ဂျယ်ရမီရိုက်က ဗြိတိန်ပါလီမန်မှာပြောကြားရာတွင် အမေရိကန်နိုင်ငံက တရုတ်နည်းပညာကုမ္ပဏီကြီးကို ဆန့်ကျင်မှုနဲ့ပတ်သတ်ပြီး ရှင်းရှင်းလင်းသိအောင် လုပ်နေကြောင်းနဲ့ အခုချိန်မှာ ဆုံးဖြတ်ခဲ့ရင် အမှားအယွင်းဖြစ်နိုင်တဲ့အတွက် ဗြိတိန်နိုင်ငံရဲ့ 5G နက်ဝက်မှာ ဟွာဝေးပါဝင်ခွင့်ရှိမရှိကို ဆုံးဖြတ်ရမယ့်အချိန်မဟုတ်သေးဘူးလို့ ဆိုပါတယ်။
မနက်ဖြန် (ဗုဒ္ဓဟူးနေ့)မှာ တာဝန်ကနေ နှုတ်ထွက်မယ့် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဟွာဝေးနဲ့ပတ်တဲ့ ထိလွယ်ရှလွယ် ဆုံးဖြတ်ချက်ကို ဆုံးဖြတ်ဖို့ တုန့်ဆိုင်းနေတာဖြစ်ပါတယ်။ ထရီဇာမေ နေရာကို ဆက်ခံနိုင်တဲ့ လန်ဒန်မြို့တော်ဝန်ဟောင်း ဘောရစ်ဂျွန်ဆင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျရမီဟန့်တို့က ဟွာဝေးနဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက်ကို ချရမယ့်သူဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ 5G နက်ဝက်ထဲမှာ ဟွာဝေးကုမ္ပဏီပါဝင်ခွင့်ကို တားမြစ်မလား၊ တစိတ်တပိုင်းသာ ပါဝင်ခွင့်ပေးမလား၊ ဒါမှမဟုတ် အပြည့်အဝပါဝင်ခွင့် ပေးမလား ဆိုတာကို ဝန်ကြီးချုပ်အသစ်က ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
ဟွာဝေးက 5G နက်ဝက်တည်ဆောက်ရေးမှာ ပါဝင်ခွင့်ရရှိခဲ့ပါက တရုတ်နိုင်ငံက ဆယ်သွယ်ရေးလုပ်ငန်းတွင်းမှာ စုံစမ်းထောက်လှမ်းမှာကို စိုးရိမ်တဲ့အတွက် ဥရောပရဲ့ 5G နက်ဝက် ဈေးကွက်က လက်ခံဖို့ ငြင်းဆန်တာတွေနဲ့ ဟွာဝေး ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဟွားဝေးကတော့ အဲဒီစွပ်စွဲချက်တွေကို ထပ်ခါထပ်ခါ ငြင်းဆန်နေခဲ့ပါတယ်။
MDN
ကိုးကား - AFP