လန်ဒန် ၁၁ ဇန်နဝါရီ

ဗြိတိန်ဘုရင်မ အယ်လီဇဘက် (၂) နှင့် ၎င်း၏ ကြင်ရာတော် ဖီလစ်တို့သည် ဇန်နဝါရီ ၉ ရက်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ကြောင်း ဘာကင်ဟမ်နန်းတော်က ပြောကြားသည်။

ဗြိတိန်ဘုရင်မ အယ်လီဇဘက်(၂)နှင့် ၎င်း၏ ကြင်ရာတော်တို့သည် တာ့ခ်ရှိုင်းယားစီရင်စုနယ် ဝင်ဆာမြို့ရှိ တော်ဝင်အိမ်တော်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ခံယူခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဘုရင့်နန်းတော်မှ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြထားသည်။

အသက် ၉၄ နှစ်အရွယ် ဗြိတိန်ဘုရင်မ အယ်လီဇဘက် (၂)နှင့် အသက် ၉၉ နှစ်အရွယ် ဖီးလစ်တို့သည် ဗြိတိန် နိုင်ငံ၌ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုခံယူခဲ့သည့် ပြည်သူ ၁ ဒသမ ၅ သန်းကျော်တို့တွင် ပါဝင်လာကြောင်း သိရသည်။

ဗြိတိန်အစိုးရသည်အသက်၈၀နှင့်အထက်ရှိသက်ကြီးပိုင်း ပြည်သူများကို နိုင်ငံအတွင်း ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူရမည့် ပထမဦးစားပေးအုပ်စုတွင် ပါဝင်ရန်သတ်မှတ်ထားကြောင်း သိရသည်။ ဘုရင်မ အယ်လီဇဘက်(၂)နှင့် ဖီးလစ်တို့အား ထိုးနှံပေးခဲ့သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစားကိုမူ နန်းတော်က အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း သိရသည်။

ဗြိတိန်အစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု စတင်ဖြစ်ပွားချိန်မှစ၍ တစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအများဆုံးဖြစ်ပြီး ထိုရောဂါကြောင့် သေဆုံးမှုအများဆုံးအခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သုံးမျိုးကို နိုင်ငံအတွင်း အသုံးပြုရန် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ၉ရက်အထိရရှိထားသည့် နောက်ဆုံးအချက်အလက်များအရ ဗြိတိန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၀၁၇၄၀၉ ဦးရှိပြီး ၎င်းတို့အနက် ၈၀၀၀၀ ကျော်သည် ထိုရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

သို့သော် ဗြိတိန်၊ တရုတ်၊ ဂျာမနီ၊ ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အဆုံးသတ်ပြီး ကမ္ဘာ့ပြည်သူများအနေဖြင့် ပုံမှန်ဘဝ ပြန်ရောက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်ရန် အပြိုင်အဆိုင်ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ