၂၈ ဒီဇင်ဘာ
တောင်ကိုရီးယား ကျန်းမာရေး အာဏာပိုင်များက ဗြိတိန်နိုင်ငံမှ ပြန်လာသူများတွင် ဗီဇပြောင်းကိုဗစ်-၁၉ ကူးစက်ခံထားရသည်ကို ပထမဆုံး စစ်ဆေးတွေ့ရှိခဲ့သည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။
တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အေဂျင်စီ( ကေဒီစီအေ)က လန်ဒန်တွင် နေထိုင်ပြီး တောင်ကိုရီးယားနိုင်ငံသို့ ဒီဇင်ဘာ ၂၂ ရက်တွင်ရောက်ရှိ တောင်ကိုရီးယားနိုင်ငံသား သုံးဦးတွင် ဗီဇပြောင်းကိုဗစ်-၁၉ ကူးစက်ခံရသည်ကို တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံမှ တောင်ကိုးရီးယား နိုင်ငံသို့ နိုဝင်ဘာ ၈ ရက်နှင့် ဒီဇင်ဘာ ၁၃ ရက်တို့တွင် ရောက်ရှိလာသော တောင်ကိုရီးယားနိုင်ငံသား လေးဦးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း တွေ့ရှိရပြီး ၎င်းတို့တွင် ဗီဇပြောင်းကိုဗစ်-၁၉ ကူးစက်ခံရမှုရှိမရှိ စမ်းသပ်စစ်ဆေးနေဆဲဖြစ်သည်။
ထိုလေးဦးထဲမှ တစ်ဦးမှာ အသက် ၈၀ အရွယ် လူကြီးတစ်ဦးဖြစ်ပြီး ၎င်းကွယ်လွန်ပြီးမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။၎င်း၏မိသားစုဝင်သုံးဦးလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသည်။
ဗြိတိန်နိုင်ငံတွင်တွေ့ရသော ဗီဇပြောင်းကိုဗစ်-၁၉ ရောဂါသည် ယခင်ကထက် ၇၀ ရာခိုင်နှုန်း ပိုမိုကူးစက်မှုမြန်သည်ဟု သိရသည်။
ဗြိတိန်နိုင်ငံမှ လေကြောင်းလိုင်း အားလုံးကို ဒီဇင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ခေတ္တဆိုင်းငံ့ထားရန် စီစဉ်ထားကြောင်း တောင်ကိုရီးယားနိုင်ငံက ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၈၀၈ ဦး ထပ်မံတွေ့ရှိရပြီး ကူးစက်ခံရသူ စုစုပေါင်း ၅၇၆၈၀ ရှိလာကြောင်း နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို