mdn

ကလျာမိုးမြင့် - ရေးသားသည်

 

အမေရိကန်ပြည်ထောင်စုမှာ TikTok အက်ပလီကေးရှင်းအသုံးပြုခြင်းကို ပိတ်ပင်ဖို့ အာဏာပိုင်တွေရဲ့ ဖိအားပေးမှုတွေပေါ်ထွက်လာခဲ့ပြီးတဲ့နောက်မှာ TikTok ရဲ့ နိုင်ငံတကာရုံးချုပ်ကို ဗြိတိန်မှာ အခြေစိုက်မယ့် ကိစ္စဟာ သံသယဖြစ်စရာ ကောင်းလာတယ်လို့ မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

 

အစိုးရနဲ့ဆွေးနွေးနေ

 

ဗီဒီယိုဖျော်ဖြေတင်ဆက်မှုကိုမျှဝေတဲ့ TikTok အက်ပလီကေးရှင်းရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ByteDance ကုမ္ပဏီက ကုမ္ပဏီရုံးချုပ်ကို လန်ဒန်မှာအခြေစိုက် မယ့်ကိစ္စနဲ့ပတ်သက်ပြီး အစိုးရနဲ့ စကားပြောဆွေးနွေးခဲ့ ပါတယ်။ ဒါပေမယ့် အမေရိကန်ကတော့ TikTok ကို အမေရိကန်မှာပိတ်ပင်ဖို့ စဉ်းစားနေပြီး အကယ်၍ ByteDance ကုမ္ပဏီအနေနဲ့ တရုတ်နိုင်ငံကနေ ခွဲထွက်လာပြီး အမေရိကန်ကုမ္ပဏီအနေနဲ့ လာမယ်ဆိုရင်တော့ ၎င်းရဲ့ နိုင်ငံအတွင်းမှာ ဆက်လက်လုပ်ငန်းလည်ပတ် ခွင့်ပြုနိုင်ဖွယ်ရှိတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။

 

ByteDanceရဲ့ပြောရေးဆိုခွင့်ရှိသူက ကုမ္ပဏီအနေနဲ့ လန်ဒန်မှာပဲ အပြည့်အဝ ရင်းနှီးမြှုပ်နှံမှု ဆက်လုပ်သွား မယ်လို့ ဆိုပါတယ်။ နိုင်ငံတကာကုန်သွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ByteDance ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဌာနချုပ်အခြေစိုက်မယ့် တည်နေရာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ဟာ ကုမ္ပဏီရဲ့ စီးပွားရေးအရ ကြည့်ပြီးလုပ်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဖိုက်ဂျီနည်းပညာကို ဖယ်ရှားမည်

 

လက်ရှိအချိန်ဟာ ဗြိတိန်နဲ့ တရုတ်နိုင်ငံအကြားမှာလည်း တင်းမာမှုတွေမြင့်တက်နေတဲ့ အချိန်ပါ။  လာမယ့် ၂၀၂၇ ခုနှစ်မှာ ဗြိတိန်မှာရှိတဲ့ မိုဘိုင်းကွန်ရက်ကနေ တရုတ်နည်းပညာကုမ္ပဏီဖြစ်တဲ့ ဟွာဝေးရဲ့ ဖိုက်ဂျီ နည်းပညာကို ဖယ်ရှားဖို့ အစိုးရကမကြာသေးခင်  ကပဲ အမိန့်ထုတ်လိုက်တဲ့အတွက် နှစ်နိုင်ငံ မပြေလည်မှုတွေ ဖြစ်နေတဲ့ အချိန်အတောအတွင်းမှာပဲ TikTok ရဲ့ ရုံးစိုက်မယ့် ကိစ္စကပေါ်လာတာ ဖြစ်ပါတယ်။

 

ဖိုက်ဂျီကွန်ရက်ကို ဗြိတိန်ကနေဖယ်ရှားမယ့် ကိစ္စကြောင့် တရုတ်နဲ့ဗြိတိန် နှစ်နိုင်ငံအကြားမှာ တစ်ဖက် နဲ့တစ်ဖက် စီးပွားရေးဆိုင်ရာ အပြန်အလှန်ထိုးနှက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာတော့မှာကိုလည်း စိုးရိမ်နေ ကြရပါတယ်။ ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လျူအိုမင်က ကျွန်ုပ်တို့အနေနဲ့ ဖြစ်လာမယ့်နောက် ဆက်တွဲပြဿနာတွေကို ခန့်မှန်းတွက်ဆနေကြရတယ်။ ဟွာဝေးရဲ့ ဖိုက်ဂျီကွန်ရက်ကို ဖယ်ရှားဖို့ လုပ်တာဟာ အတော်လေးဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပဲလို့ ၎င်းက မှတ်ချက်ချခဲ့ပါတယ်။

 

ဗြိတိန်ကုမ္ပဏီတွေ ထိခိုက်နိုင်လား

 

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရက တရုတ်နိုင်ငံ အတွင်းမှာလုပ်ငန်းဆောင်ရွက်နေတဲ့ ဗြိတိန် ကုမ္ပဏီတွေကို ဒဏ်ခတ်တာမျိုးရှိနိုင်လားဆိုတဲ့မေးခွန်းကို မစ္စတာလျူက ကျွန်ုပ်တို့အနေနဲ့ စီးပွားရေးကို နိုင်ငံရေးကိစ္စအဖြစ် အသွင်ပြောင်းတာမျိုး မဖြစ်စေချင်ပါဘူး။ ဒါက မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ၎င်းကဖြေကြားထားတာကို တွေ့ရ ပါတယ်။

 

မှန်းဆဖို့မလွယ်

 

ဟွာဝေးကုမ္ပဏီကတော့ ဟွာဝေးရဲ့ နည်းပညာကို ဖယ်ရှားမယ့် ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တရုတ်အစိုးရဘက်ကဘယ်လိုတုံ့ပြန်မှုတွေလုပ်လာမလဲ ဆိုတာကို မှန်းဆဖို့မလွယ်ဘူးလို့ Oxford China Centre တက္ကသိုလ်က သုတေသနပညာရှင် ဂျော့မက်ဂနပ်စ်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စကြောင့် တရုတ် နိုင်ငံမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ ဗြိတိန်ကုမ္ပဏီတွေ ကြားကနေခံရမှာကိုတော့ စိုးမိတယ်လို့ ၎င်းက သုံးသပ် ခဲ့ပါတယ်။

 

တရုတ်နိုင်ငံဟာ ဗြိတိန်စီးပွားရေးလုပ်ငန်းတွေ အတွက် အရေးကြီးတဲ့ ဈေးကွက်တစ်ခုပါ။ အိန္ဒိယနိုင်ငံက Tata Motors ကုမ္ပဏီကထုတ်လုပ်တဲ့ Jaguar Land Rover မော်တော်ယာဉ်တွေ တရုတ်နိုင်ငံမှာ ပုံမှန်ရောင်းချ နေရပြီး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် အရောင်းထိုင်းသွားပြီးတဲ့နောက် အဲဒီကုမ္ပဏီက ပြီးခဲ့တဲ့လကပဲ တရုတ်ဘဏ်ငါးခုဆီက ယူရိုသန်း ၅၆ဝ ချေးငွေရယူခဲ့ရပါတယ်။

 

အကြီးစားရင်းနှီးမြှုပ်နှံသူဖြစ်

 

ဗြိတိန်မှာဆိုရင်လည်း တရုတ်နိုင်ငံက အကြီးစား ရင်းနှီးမြှုပ်နှံသူ ဖြစ်ပါတယ်။ တရုတ်အထွေထွေ နျူကလီးယား စွမ်းအင်ကော်ပိုရေးရှင်းဟာ ဆိုမာရက်စ် ရှိတဲ့ ဟက်ကလေပွိုင့် နျူကလီးယားစွမ်းအင် စီမံကိန်း  အပါအဝင် ဗြိတိန်မှာ ယူရို၃ဒသမ၆ဘီလီယံလောက်အထိ ရင်းနှီးမြှုပ်နှံထားပါတယ်။

 

ကိုဗစ်-၁၉ အလွန်ကာလကို ရောက်တဲ့အခါ ကုန်သွယ်ရေးမြှင့်တင်မှုဟာ စီးပွားရေးပြန်လည်နာလန် ထူလာစေဖို့ အရေးကြီးတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ အတွက် ဗြိတိန်အနေနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုတွေ ဟန်ချက်ညီစေဖို့နဲ့ ကျယ်ကျယ်ပြန့်ပြန့် အကျိုးအမြတ်ရရှိဖို့ ဘယ်လိုလုပ်မလဲဆိုတာကို သေချာစွာ  စဉ်းစား ထားကြရမယ်လို့ ဗြိတိန်စက်မှုလုပ်ငန်း  ကွန်ဖယ်ဒရေးရှင်းရဲ့ ဒုတိယအထွေထွေအတွင်းရေးမှူး | ရှဟာဒီက ပြောကြားခဲ့ပါတယ်။

 

 နိုင်ငံရေးလက်နက်ဖြစ်လာနိုင်

 

စီးပွားရေးကို နိုင်ငံရေးကိစ္စဖြစ်အောင်လုပ်ဖို့ကျွန်ုပ် တို့က အလိုမရှိပါဘူး။ ဒါပေမယ့် နှစ်ဖက်စလုံးက ကုန်သွယ်ရေးကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးချကောင်း ချနိုင်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ၂၀၁၂ ခုနှစ်က ဩစတြေးလျနိုင်ငံဟာ ၎င်းရဲ့ အမျိုးသား အခြေခံအဆောက်အအုံအတွင်းမှာ ဟွာဝေးကုမ္ပဏီကို ပိတ်ပင်လိုက်ပါတယ်။

 

မကြာသေးခင်အချိန်အတွင်း တရုတ်နိုင်ငံက ဩစတြေးလျရဲ့ အမဲသားတွေကို ပိတ်ပင်ခဲ့ပြီး လယ်ယာ  ထွက်ကုန်ဖြစ်တဲ့ ဘာလီတင်ပို့ကုန်အပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ အခြားတစ်ဖက်မှာ တရုတ်နိုင်ငံဟာ နျူကလီးယားစွမ်းအင်စက်ရုံတွေလိုမျိုး အကြီးစားရင်းနှီး မြှုပ်နှံမှုတွေကို ဗြိတိန်မှာ အများအပြားရင်းနှီးမြှုပ်နှံခဲ့ ပါတယ်။

 

အလုပ်အကိုင် ၃၀၀၀ ကျော် ဖန်တီးနိုင်ဖွယ်ရှိ

 

လက်ရှိမှာ Tik Tok ရဲ့ ဝန်ထမ်းပေါင်း ၁၀၀၀ လောက်အထိ ဥရောပမှာရှိနေပြီး အဲဒီထဲက အများစုဟာ ဗြိတိန်နဲ့ အိုင်ယာလန်တွေမှာ အခြေစိုက်လျက်ရှိပါတယ်။ TikTok ရုံးချုပ်ကို ဗြိတိန်မှာအခြေစိုက်ခြင်းအားဖြင့် အလုပ်အကိုင်ပေါင်း ၃၀၀၀ ကျော်လောက်အထိ ဖန်တီး ပေး နိုင်ဖွယ်ရှိတယ်လို့ သည်ဆန်းဒေးတိုင်းမ်သတင်းစာ မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ။

 

ကိုးကား - အင်တာနက်