လန်ဒန်၊ ၂၃ ဒီဇင်ဘာ
ဗြိတိန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၈၀၄ ဦးတွေ့ရှိခြင်းနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိခဲ့ပြီးနောက် နေ့စဉ်ကူးစက်မှု စံချိန်တင်ခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းများအရ သိရသည်။
ဗြိတိန်၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၈၀၄ ဦးတွေ့ရှိခဲ့ပြီးနောက် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၁၁၀၃၁၄ ဦးရှိလာခဲ့သည်။ ထို့အတူ လွန်ခဲ့သည့် ၂၈ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် လူနာ ၆၉၁ ဦး ထပ်မံသေဆုံးခဲ့ရာ ဗြိတိန်၌ ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်သည့်ရောဂါများကြောင့် သေဆုံးသူပေါင်း ၆၈၃၀၇ ဦးရှိလာခဲ့ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ၌ ကူးစက်မြန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် တွေ့ရှိခဲ့ပြီးနောက် ပြည်သူများအကြား စိုးရိမ်စိတ်များ ပြန့်ပွားနေစဉ်မှာပင် အဆိုပါ ကိန်းဂဏန်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါရောဂါသစ်သည် ၇၀ ရာခိုင်နှုန်းခန့် ပို၍ကူးစက်နိုင်ခြေရှိသည်ဟု ဆိုသည်။
ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ဗြိတိန်နိုင်ငံတစ်ဝန်းရှိ ပြည်သူထောင်နှင့် ချီအား ကူးစက်ခဲ့ပြီးဖြစ်ရာ အဆိုပါ ရောဂါသစ်အနေဖြင့် ရောဂါကူးစက်မှုထိန်းချုပ်ရန် အတင်းကျပ်ဆုံးအဆင့် ချမှတ်ထားသည့် အသွားအလာကန့် သတ်မှုအဆင့်-၄ အသက်ဝင်နေသည့် ဒေသများအထိပင် ကူးစက်ပျံ့နှံ့သွားသည်ကို ညွှန်ပြခြင်းပင်ဖြစ်သည်ဟု ဂါးဒီးယန်းသတင်းစာက ဖော်ပြထားသည်။
ဗြိတိန်၌ ကူးစက်မြန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်သည့် အနေဖြင့် နိုင်ငံပေါင်း ၄၀ ကျော်က ဗြိတိန်မှလာသော ခရီးသည်အားလုံးအပေါ် ကန့်သတ်ချက်များ ချမှတ်လိုက်သည်။
ထို့အပြင် ပြင်သစ်အစိုးရသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဒိုဗာဆိပ်ကမ်းမှ ကူးတို့လှေများ ဝင်ရောက်ခြင်းအား တားမြစ်ထားခြင်းနှင့်အတူ ဗြိတိန်နှင့် နယ်စပ်မျဉ်းကို ၄၈ နာရီကြာ ပိတ်ထားသည်။
ဗြိတိန်အစိုးရသည် အဆိုပါ ရောဂါသစ်ကူးစက်မှုထိန်းချုပ်ရန် မြို့တော်လန်ဒန်နှင့် အခြားအင်္ဂလန်ဒေသ အစိတ်အပိုင်းများတွင် အတင်းကျပ်ဆုံး အသွားအလာကန့်သတ်မှု အဆင့်-၄ ကို ချမှတ်လိုက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်က ဒီဇင်ဘာ ၁၉ ရက်တွင် ကြေညာသည်။ တစ်ချိန်တည်းမှာပင် ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်ကော့ခ်က ဗြိတိန်နိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်ကို မထိန်းချုပ်နိုင်သေးကြောင်း ပြောကြားလိုက်သည်။
ဗြိတိန်၊ တရုတ်၊ ဂျာမနီ၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု အစရှိသည့် နိုင်ငံများသည် ကမ္ဘာ့ပြည်သူများ အနေဖြင့် မူလဘဝ ပြန်ရောက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်ရန် အပြိုင်အဆိုင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ