လန်ဒန်၊ ၁၁ ဇန်နဝါရီ
ဗြိတိန်နိုင်ငံက အရွယ်ရောက်ပြီးသူတိုင်း ဆောင်ဦးရာသီအရောက်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရေး ရည်မှန်းထားကြောင်း ကျန်းမာရေးဝန်ကြီး မတ် ဟန်းကော့က တနင်္ဂနွေနေ့က ပြောကြားပါတယ်။
ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ကာကွယ်ဆေးအား တစ်နေ့လျှင် လူ ၂၀၀,၀၀၀ ထိုးနှံပေးရေး လုပ်ဆောင်နေရာ ဖေဖော်ဝါရီ လလယ်မှာ လူပေါင်း ၁၅ သန်းအား ကာကွယ်ဆေး ထိုးနှံပေးရန် ရည်မှန်းထားကြောင်း ဝန်ကြီးက ဆက်ပြောပါတယ်။
ကာကွယ်ဆေးကို အသက်အရွယ်ကြီးသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စောင့်ရှောက်ရေး ဂေဟာ လုပ်သားတွေကို ဦးစားပေး ထိုးနှံပေးဖို့ စတင်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ နိုင်ငံသား အားလုံးအား ထိုးနှံပေးရန် ဆောင်ရွက်နေပါတယ်။
ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအား Pfizer/BioNTech ဆေးကုမ္ပဏီ ထုတ်နဲ့ Oxford/Astra Zeneca ထုတ် ကာကွယ်ဆေးတွေအား နိုင်ငံသားတွေကို ထိုးနှံပေးနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း Moderna ထုတ်ကာကွယ်ဆေးအား သုံးစွဲခွင့်ကို ဗြိတိန်မှာ ခွင့်ပြုခဲ့ပြီး အဲဒီကာကွယ်ဆေးအား နွေဦးမှာ စတင်ထိုးနှံပေးရေး စီစဉ်ထားပါတယ်။
၂၄ နာရီအတွင်း တနင်္ဂနွေနေ့က ပိုးတွေ့ရှိသူ ၅၄,၉၄၀ နဲ့ သေဆုံးသူ ၅၆၃ ဦးရှိရာ စုစုပေါင်း ပိုးကူးစက်ခံရသူ ၃,၀၇၂,၃၄၉ ဦး နဲ့ သေဆုံးသူ ၈၁,၄၃၁ ဦး ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
