လန်ဒန် ၂၀ မေ
ဗြိတိန်နိုင်ငံက အကြီးဆုံးအတိုက်အခံပါတီဖြစ်တဲ့ လေဘာပါတီရဲ့ နှစ်ပတ်လည် ပါတီညီလာခံကို မကျင်းပဖို့ ဆုံးဖြတ်လိုက်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကြောင့် စက်တင်ဘာမှာကျင်းပဖို့ ရည်ရွယ်ထားတဲ့ နှစ်ပတ်လည် ညီလာခံကို ဖျက်သိမ်းတာဖြစ်ကြောင်း အင်္ဂါနေ့မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။
လေဘာပါတီရဲ့ ခေါင်းဆောင်သစ် လက်ထက်မှာ ပထမဦးဆုံးကျင်းပမယ့် ညီလာခံဖြစ်ပါတယ်။ ပါတီညီလာကို လစ်ဗာပူးမြို့မှာ စက်တင်ဘာတွင် ကျင်းပဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ပါတီခေါင်းဆောင်ဟောင်း ဂျယ်ရမီ ကိုဘင် နေရာမှာ ခေါင်းဆောင်သစ် ဆာ ကီယာ စတိုင်းမာကို ပြီးခဲ့တဲ့ လက အစားထိုး ခန့်အပ် ခဲ့တာဖြစ်ပါတယ်။
ပါတီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါတီဝင်တွေ၊ ဝန်ထမ်းတွေ နဲ့ ဧည့်သည်တွေ ရဲ့ လုံခြုံရေးဟာ အဓိက ဖြစ်ကြောင်း၊ လူထုရဲ့ ကျန်းမာရေးကို ကာကွယ်တဲ့အနေနဲ့ ဖျက်သိမ်းတာဖြစ်ကြောင်း၊ ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် ဒီနှစ်အတွက် နှစ်ပတ်လည် ပါတီညီလာခံနဲ့ အမျိုးသမီးညီလာခံတွေ ကို ဖျက်သိမ်းဖို့ဆုံးဖြတ် လိုက်ကြောင်း ရေးသားထားပါတယ်။
ပါတီညီလာခံမှာ လူပေါင်း ၁၃,၀၀၀ နီးပါးတက်ရောက်လေ့ ရှိကြောင်း ပါတီက ပြောပါတယ်။
ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် မတ်လကုန်ပိုင်းကစပြီး နိုင်ငံတစ်ဝန်းမှာ အသွားအလာပိတ်ဆို့ ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ရာ အခုတော့ တဖြည်းဖြည်း ပြန်လည်ဖြေလျှော့ နေတာကိုတွေ့ရပါတယ်။
MDN
ကိုးကား - AFP