၁၄ ဩဂုတ်

 

 

ဗြိတိန်နိုင်ငံကို လာရောက်မယ့် ပြင်သစ်နဲ့ နယ်သာလန် နိုင်ငံသားတွေကို သီးသန့် စောင့်ကြည့်မှုအောက်မှာ နေရမယ်လို့ ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

 

 

ဗြိတိန်နိုင်ငံရဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး လုံခြုံတဲ့ နိုင်ငံများ စာရင်းကနေ ပြင်သစ်၊ နယ်သာလန်၊ မိုနာကို စတဲ့ နိုင်ငံနဲ့ ဒေသတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များပြားနေတဲ့အတွက် ထုတ်ပယ် လိုက်တာဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ် က ကြေညာလိုက်ပါတယ်။

 

 

ဗြိတိန်နိုင်ငံကို ရောက်ရှိလာမယ့် ပယ်ဖျက်လိုက်တဲ့ နိုင်ငံဒေသတွေမှ ခရီးသွားတိုင်းဟာ စနေနေ့ နံနက် ၄ နာရီ ကစပြီး ၁၄ ရက်တိတိ သီးသန့် စောင့်ကြည့်မှုအောက်မှာ ထားရှိသွားလို့ သိရပါတယ်။

 

 

စပိန်နိုင်ငံသားတွေကိုလည်း ဗြိတိန်နိုင်ငံကို ရောက်ရှိခဲ့မယ်ဆိုရင် သီးသန့်ခွဲခြား စောင့်ကြည့်မှုအောက်မှာ နေထိုင်ရမှာလို့ ဇူလိုင်လကုန်ပိုင်းက ပြဋ္ဌာန်းလိုက်သလို ပြီးခဲ့တဲ့ အပတ်ကလည်း အန်ဒိုရာ၊ ဘယ်လ်ဂျီယံနဲ့ ဘာဟားမား နိုင်ငံတွေကိုလည်း ၁၄ ရက် သီးသန့် စောင့်ကြည့်ရမယ့် စာရင်းမှာ ထည့်သွင်းခဲ့တာကို တွေ့ရပါတယ်။                                                                                                     

 

                                          

ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ တစ်နေ့ကို အယောက် ၂,၀၀၀ လောက် တွေ့ရှိလာတဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရေးမှာ အမှားဘက်ကို ဦးတည်နေကြောင်း ဝန်ကြီးချုပ်က ဝန်ခံ ပြောကြားခဲ့ပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် မျက်နှာဖုံး မဝတ်ဆင်ခြင်း ပြစ်မှု ထပ်ခါ ထပ်ကျူးလွန်ခဲ့ရင် ဒဏ်ကြေးငေွ စတာလင်ပေါင် ၃,၂၀၀ (အမေရိကန် ဒေါ်လာ ၄,၂၀၀) အထိ ချမှတ်သွားနိုင်ကြောင်းနဲ့ လူ ၃၀ ထက်ပိုပြီး စုဝေးခဲ့ရင် ဒဏ်ကြေးငွေ ချမှတ်သွားဖို့လည်း ပြင်ဆင်နေပါတယ်။

 

 

ဝန်ကြီးချုပ် ဂျွန်ဆင်က နိုင်ငံသား အများစုက ဗိုင်းရပ်စ်ပိုး ကူးစက်မှု ကာကွယ်တဲ့ စည်းမျဉ်းတွေ လိုက်နာနေတာလည်း တွေ့ရှိနေပေမယ့် အစိုးရ အနေနဲ့ စည်းမျဉ်းတွေ လိုက်နာအောင် အလေးထားပြီး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက် နေ့စဉ် ၁,၀၀၀ ကျော် တွေ့ရှိကြောင်း ဗြိတိန်အမျိုးသား စာရင်းအင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP

2356