၈ ဇွန်
ဗြိတိန်နိုင်ငံကို ရောက်ရှိလာသူတိုင်း ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် သီတင်းနှစ်ပတ်တိတိ သီးသန့်ခွဲခြား နေထိုင်ရမယ့် အစီအစဉ်ကို ဒီနေ့(တနင်္လာနေ့)က စတင်အကျုံးဝင်ကြောင်း သိရပါတယ်။
ဗြိတိန်နိုင်ငံကို ကိုယ်တိုင်ကားမောင်းပြီး လာရောက်တဲ့ သူတွေကလည်း သူတို့ သွားချင်တဲ့နေရာအထိ တိုက်ရိုက် မောင်းသွားရမှာဖြစ်ကြောင်း၊ သီတင်းနှစ်ပတ် သီးသန့်ခွဲခြား နေထိုင်မှုကာလ မပြည့်မချင်း အများသုံးယာဉ်တွေ သုံးစွဲခွင့်မရကြောင်း သိရပါတယ်။
အင်္ဂလန်နဲ့ မြောက်အိုင်ယာလန်ကို ရောက်ရှိလာမယ့် သူတွေဟာ သီးသန့်ခွဲခြား နေထိုင်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ဒဏ်ကြေးငွေအဖြစ် စတာလင်ပေါင် ၁,၀၀၀ ပေးဆောင်ရမှာဖြစ်ပြီး စကော့တလန်မှာတော့ ဒဏ်ကြေးငွေကို စတာလင်ပေါင် ၄၈၀ အဖြစ်သာ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် သီးခြားနေထိုင်ဖို့ ကန့်သတ်ချက်ကို ထပ်ခါထပ်ခါ ချိုးဖောက်ခဲ့ရင် စကော့တလန်မှာ ဒဏ်ကြေး စတာလင်ပေါင် ၅,၀၀၀ အထိ ပေးဆောင်ရမှာဖြစ်ပါတယ်။
ဗြိတိန်အစိုးရရဲ့ လက်ရှိထွက်ပေါ်လာတဲ့ ကန့်သတ်ချက်တွေကို လေကြောင်းလိုင်းတွေက ပြင်းပြင်းထန် ဝေဖန် ကန့်ကွက်နေတာကို တွေ့ရပါတယ်။
ဗြိတိသျှလေကြောင်းလိုင်းနဲ့ ဈေးနှုန်းသက်သာတဲ့ EasyJet နဲ့ Ryanair လေကြောင်းလိုင်းတွေက ဗြိတိန်အစိုးရရဲ့ အချိုးမကျမှုနဲ့ မမျှတမှုတွေအတွက် တရားစွဲဖို့ ပြင်ဆင်နေကြကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP