၁၈ နိုဝင်ဘာ

ဗြိတိန်နိုင်ငံမှာ ၂၀၃၀ ခုနှစ်တွင် ဓါတ်ဆီနဲ့ ဒီဇယ်ကားတွေ ရောင်းချပိတ်သိမ်းမယ်လို့ ဝန်ကြီးချုပ် ဂျွန်ဆင်က ဗုဒ္ဓဟူးနေ့မှာ ကြေညာမယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံမှာ ၂၀၅၀ ခုနှစ်တွင် ကာဗွန်ကင်းစင်ရေး ရည်မှန်းချက်ရဲ့ အချက် ၁၀ ချက်ပါ လမ်းညွှန်ချက်ရဲ့ အချက်တစ်ချက်အနေနဲ့ ဓါတ်ဆီနဲ့ ဒီဇယ်အသုံးပြုကားတွေကို ၂၀၃၀ ခုနှစ်မှာ ရောင်းချခွင့်မရှိတော့ကြောင်း သိရပါတယ်။

အစိုးရရဲ့ green industrial revolution စီမံကိန်းကနေ ရာသီဉတုပြောင်းလဲခြင်းဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ်သွားနိုင်သလို နျူကလီးယားစွမ်းအင် စက်ရုံတွေမှာ အလုပ်အကိုင်သစ် ၂၅၀,၀၀၀ ကို ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဝန်ကြီးချုပ်က ဗြိတိန်နိုင်ငံမှာ ဓါတ်ဆီနဲ့ ဒီဇယ်ကားတွေ ရောင်းချမှုကို ၂၀၃၅ ခုနှစ်မှာ နောက်ဆုံးထားပြီး ရောင်းချခွင့်ရှိကြောင်း ပြောခဲ့ပေမယ့် green industrial revolution စီမံကိန်းအရ ၂၀၃၀ ကို ပြောင်းလဲသတ်မှတ်ပြီး ၂၀၃၅ ခုနှစ်အထိ လောင်စာဆီနဲ့ ဘက်ထရီသုံး hybrid ယာဉ်များသာ ရောင်းချခွင့်ရှိတော့မှာ ဖြစ်ပါတယ်။

၂၀၃၀ ခုနှစ်တွင် ဓါတ်ဆီနဲ့ ဒီဇယ်ကားတွေ ရောင်းချပိတ်သိမ်းနိုင်ရေး စီမံကိန်းအတွက် ကားတွေအား အားသွင်းနိုင်တဲ့ နေရာတွေအား နေအိမ်တွေနဲ့ အင်္ဂလန်တစ်ဝန်းရှိ လမ်းမတွေမှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် စတာလင်ပေါင် ၁ ဒသမ ၃ ဘီလီယံ သုံးစွဲသွားမှာ ဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားတွေ ဝယ်ယူနိုင်ရေးအတွက် ပြည်သူတွေအား စတာလင်ပေါင် ၅၈၂ သန်း ထုတ်ချေးသွားမှာ ဖြစ်ပါတယ်။

လာမယ့် ၄ နှစ်တာအတွင်း လျှပ်စစ်ဓါတ်အားသုံး မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းအတွက် စတာလင်ပေါင် သန်း ၅၀၀ ကို သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစိုးရရဲ့ ဟိုက်ဒရိုဂျင်ပတ်ဝန်းကျင် ဖန်းတီရေးကို လာမယ့် ၃ နှစ်အတွင်း တည်ဆောက်သွားဖို့ ရှိနေပါတယ်။

MDN

ကိုးကား - AFP