၁၄ ဇန်နဝါရီ

 

ဗြိတိန်နိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၁,၅၆၄ ဦးရှိကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ပါတယ်။ နေ့စဉ်သေဆုံးသူဟာ ပထမဆုံးကြိမ်အဖြစ် ၁,၅၀၀ ကျော်သွားတာ ဖြစ်ပါတယ်။

 

ဗြိတိန်နိုင်ငံဟာ ဥရောပနိုင်ငံတွေထဲမှာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၈၄,၇၆၇ ဦး ရှိတဲ့အတွက် အများဆုံးနိုင်ငံတွေအဖြစ် အီတလီနိုင်ငံနဲ့အတူ ရှိနေပါတယ်။ အီတလီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၈၀,၃၂၆ ဦးရှိကြောင်း သိရပါတယ်။

 

မနေ့က ထုတ်ပြန်ချက်မှာ ရောဂါပိုးကူးစက်ခံရသူ ၄၇,၅၂၅ ဦး ရှိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ရဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ပိုးကူးစက်ခံရသူ ၆၂,၃၂၂ ဦးရှိကြောင်း နှိုင်းယှဉ်နိုင်တာကို တွေ့ရှိပါတယ်။

 

အင်္ဂလန်နိုင်ငံမှာ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးသစ် တွေ့ရှိပြီးနောက် နိုင်ငံအား တတိယအကြိမ်အဖြစ် အသွားအလာကန့်သတ်လိုက်ပြီး လူတိုင်းအိမ်မှာပဲနေရန် အမိန့်ထုတ်ထားသလို ကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။

 

အင်္ဂလန်နည်းတူ စကော့တလန်၊ ဝေးလ်နဲ့ မြောက်အိုင်ယာနိုင်ငံတွေမှာလည်း ရောဂါပိုးထိန်းချုပ်နိုင်ရေးအတွက် အလားတူ စည်းမျည်းတွေကို ချမှတ်ထားပါတယ်။

 

အိမ်မှာပဲနေရန် အမိန့်ထုတ်ပြန်ထားပေမယ့် မလိုက်နာသူတွေကို ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ် ဂျွန်ဆင်က ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြောကြားသွားပါတယ်။

 

နိုင်ငံအား ပုံမှန်ပြန်လည် လည်ပတ်နိုင်ရန်အတွက် ဖေဖော်ဝါရီလလယ်ပိုင်းမှာ လူဦးရေ ၁၅ သန်းအား ကာကွယ်ဆေးထိုးပေးရန် ရည်မှန်ထားကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP

 

mdn