၄ မေ
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ပိုးကြောင့် အသွားအလာပိတ်ဆို့မှု (lockdown) ကို လာမယ့် တနင်္ဂနွေနေ့မှာ ဖျက်သိမ်းမယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်မှာ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ် မနေရေးအတွက် ဘယ်လိုမျိုးလုပ်ဆောင်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်အသစ်တွေကို ချမှတ်ပြီး အသွားအလာပိတ်ဆို့မှုကို ဖျက်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အိမ်မှာပဲနေရန် အမိန့်ကို မတ်လကုန်ပိုင်းက ထုတ်ပြန်ရာ ကြာသပတေးနေ့မှာ အခြေအနေကို ပြန်လည်သုံးသပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရက တားမြစ်ချက်တွေကို တဖြေးဖြေး ရုပ်သိမ်းသွားမယ်လို့ ပြောပါတယ်။
ကုမ္ပဏီအကြီးအကဲများနဲ့ အလုပ်သမားသမဂ္ဂတွေပါဝင် ရေးဆွဲတဲ့ လမ်းညွှန်ချက်အသစ်ကို BBC နဲ့ Financial Times သတင်းဌာနတွေက တွေ့ပြီးကြောင်း သိရပါတယ်။ လုပ်သားတွေကို အချိန်လွဲပြီး အလုပ်တာဝန်ချရန်၊ ခုံတွေနဲ့ စာရေးကိရိယာပစ္စည်းတွေကို ဝေမျှသုံးစွဲခြင်း မပြုရန်၊ သန့်ရှင်းရေးလမ်းညွှန်ချက်များ ထားရှိရန်၊ လုပ်သားများအတွက် ဖွင့်ထားတဲ့ စားသောက်ဆိုင်းများ ပိတ်ထားရန်နဲ့ ဓာတ်လှေကားအတွင်း လိုက်ပါလူဦးရေ ကန့်သတ်ရန်တို့ ပါရှိကြောင်း သိရပါတယ်။
ဘဏ်နဲ့ ဈေးဆိုင်တွေက ဝန်ထမ်းတွေမှာ ပလတ်စတစ်ကာထားရန် ပါရှိပေမယ့် တခြားလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအတွက် လိုအပ်တဲ့ကာကွယ်ရေးပစ္စည်းတွေ အသေးစိတ်ကို ဖော်ပြခြင်းမရှိပါဘူး။
ဗြိတိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၈,၄၄၆ ဦး ရှိတဲ့အတွက် ဉရောပရဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုကြောင့် သေဆုံးသူများခဲ့တဲ့ အီတလီနိုင်ငံနီးပါးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP