၉ ဇွန်
ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွယ်တဲ့ သေဆုံးဦးရေဟာ ငါးသောင်းနီးပါးအထိ ရှိလာကြောင်း အင်္ဂါနေ့မှာ ဗြိတိန်အစိုးရထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။
အမျိုးသားစာရင်းအင်းရုံးမှ မေ ၂၉ ရက်နေ့အထိ ထုတ်ပြန်တဲ့ ဖွားသေစာရင်းမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး သံသယရှိသူ သို့မဟုတ် ရောဂါပိုးရှိသူများရဲ့ သေဆုံးသူ စာရင်းမှာ ၄၉,၉၈၉ ဦးရှိပြီး အစိုးရရဲ့ ထုတ်ပြန်စာရင်းမှာ ၄၀,၅၉၇ ဦးရှိကြောင်း သိရပါတယ်။
ထုတ်ပြန်ထားတဲ့ စာရင်းနှစ်လုံးကို လေ့လာကြည့်ရင် ဗြိတိန်နိုင်ငံရဲ့ သေဆုံးမှုဦးရေဟာ ကမ္ဘာမှာ ဒုတိယအများဆုံးဖြစ်ပြီး ဉရောပနိုင်ငံတွေအတွင်းမှာ အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။
အင်္ဂလန်နဲ့ ဝေးလ်မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုး စတင်ချိန်မတ်လမှ သီတင်း ၁၀ ပတ်အတွင်း သေဆုံးသူဟာ ၅၇,၉၆၁ ဦးရှိတဲ့အတွက် ပြီခဲ့တဲ့ ငါးနှစ်အတွင်း ပျမ်းမျှသေဆုံးနှုန်းထက် ကျော်လွန်နေတာကို တွေ့ရပါတယ်။
မနေ့က (တနင်္လာနေ့) မှာ သေဆုံးသူ ၅၅ ဦးသာရှိတဲ့အတွက် မတ်လ ၂၂ ရက်နေ့စပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အနည်းဆုံးဖြစ်ကြောင်း သိရပါတယ်။ အခုလို သေဆုံးမှုကျဆင်းလာတဲ့အတွက် အသွားအလာကန့်သတ်မှုတွေကို တဖြည်းဖြည်းလျှော့ချပြီး ကလေးငယ် ကျောင်းပြန်သွားနေတာကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP