၂၄ ဧပြီ

ဗြိတိန်နိုင်ငံမှာ မနေ့က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပထမဦးဆုံးအကြိမ်အဖြစ် စမ်းသပ်ခံမယ့် သူနှစ်ဦးကို ထိုးပေးလိုက်ကြောင်း၊ ပထမအကြိမ်အနေနဲ့ လူပေါင်း ၈၀၀ လောက်ကို စမ်းသပ်ထိုးပေးဖို့ စုဆောင်းထားကြောင်း သိရပါတယ်။

 

အဲဒီစမ်းသပ်ခံမယ်ပမာဏထဲက တစ်ဝက်ကို ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးမှာဖြစ်ပြီး ကျန်တဲ့တစ်ဝက်ကို ဦးနှောက်အမြှေးယောင်ရောဂါ ကာကွယ်ဆေး ထိုးပေးမှာလို့ သိရပါတယ်။

 

စမ်းသပ်ထိုးခံမယ်သူတွေက သူတို့ ဘာကာကွယ်ဆေးထိုး ရမယ်ဆိုတာမျိုး ကို အသိပေးထားခြင်း မရှိဘဲ ဆရာဝန်တွေသာ သိမယ့် စမ်းသပ်မှုပုံစံဖြစ်ပါတယ်။ အခုလိုလုပ်ခြင်းအားဖြင့် ကာကွယ်ဆေးရဲ့  တုံ့ပြန်မှု  ရှင်းရှင်းလင်းလင်း သိမှာဖြစ်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးဆောင် ထုတ်လုပ်တဲ့ ပါမောက္ခ ဆာရာ ဂေလ်ဘတ် နဲ့ သုတေသနအဖွဲ့ဟာ ကာကွယ်ဆေးထုတ်ဖို့  သုံးလ နီးပါး အချိန်ယူခဲ့ကြောင်း သိရပါတယ်။ ပါမောက္ခ ဂေလ်ဘတ်က “ဒီကာကွယ်ဆေးပေါ်မှာ သူ့အနေနဲ့ ယုံကြည်မှု ကြီးကြီးမားမာရှိကြောင်း၊ လူတွေနဲ့ စမ်းသပ်ပြီး အချက်အလက်တွေ ယူရမယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးက တကယ် အလုပ်ဖြစ်၊ မဖြစ် လက်တွေ့ပြရမယ်။ လူအများကြီးကို မထိုးပေးခင်မှာ ဒီဆေးက ဗိုင်းရပ်စ်မကူးအောင် လုပ်နိုင်တာကို ပြရမယ်လို့ ပြောပါတယ်။

 

တကယ်လို့ အခုကာကွယ်ဆေးက အောင်မြင်တယ်ဆိုရင် ကာကွယ်ဆေးကို အများသုံးရန်အတွက် နှစ်ကုန်ပိုင်းမှာ ရရှိနိုင်မှာဖြစ်တဲ့အတွက် အချိန်အတော်ကြာ စောင့်ရအုံးမှာဖြစ်ပါတယ်။

 

ဗြိတိန်နိုင်ငံတွင် ကြာသပတေးနေ့မှာ ၂၄ နာရီအတွင်း သေဆုံးသူ ၆၁၆ ဦး ရှိရာ ဗုဒ္ဓဟူးနေ့ ကထက် လျှော့နည်းတာကို တွေ့ရပါတယ်။ ဗုဒ္ဓဟူးနေ့က သေဆုံးသူ ၇၅၉ ဦးရှိခဲ့ကြောင်း သိရပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗြိတိန်နိုင်ငံက ဆေးရုံတွေမှာ သေဆုံးသူ ၁၈,၇၃၉ ဦးရှိကြောင်း သိရပါတယ်။

 

စောင့်ရှောက်ရေးစင်တာတွေနဲ့ လူနေရပ်ကွက်ထဲမှာ သေဆုံးအရေအတွက်ပါ ထည့်တွက်နိုင်မယ်ဆိုရင် အရေအတွက်ဟာ ဒီထက်များနိုင်ကြောင်း သတိပေးထားပါတယ်။

 

ဗြိတိန်နိုင်ငံမှာ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရမယ့် စည်းမျဉ်းထားရှိတာ တစ်လရှိကျော်ပြီ ဖြစ်ပေမယ့် ဗိုင်းရပ်စ်ပိုးဒဏ်အဆိုးဝါးဆုံးခံရတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။

MDN
ကိုးကား - AFP