၁၁ ဒီဇင်ဘာ
အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ လန်ဒန်မြို့ရှိ ကလေးငယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိမှု များလာတဲ့အတွက် ဗြိတိန်အစိုးရက အသက် ၁၁ နှစ်ကနေ ၁၈ နှစ်အတွင်းရှိ ကလေးငယ်တွေ အားလုံးကို ဗိုင်းရပ်စ်ပိုးစစ်ဆေးမှု စတင်မယ်လို့ ကျန်းမာရေးဝန်ကြီးက ကြာသပတေးနေ့က ပြောကြားပါတယ်။
လန်ဒန်မြို့ရှိ အထက်တန်းကျောင်းသူ ကျောင်းသားတိုင်း နဲ့ အက်ဆက် နဲ့ ကန့် ရဲ့ အချို့နေရာတွေရှိ အထက်တန်း ကျောင်းသူကျောင်းသားတွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးရန် ဝန်ကြီးက ပြောပါတယ်။
လန်ဒန်ရှိ ကလေးငယ် ၁၀၀,၀၀၀ မှာ ၁၉၁ ဒသမ ၈ ဦးတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဝန်ကြီးက ကလေးငယ်တွေကနေ လူကြီးတွေဆီကို ဗိုင်းရပ်စ်ပိုးကူးစက်လာနိုင်တဲ့အတွက် လာမယ့် သီတင်းပတ်တွေ အတွင်းမှာ ရောဂါပိုးတွေ့ရှိသူ လူကြီးအရေအတွက် များလာနိုင်ကြောင်းနဲ့ အခုအခြေအနေကို ချက်ခြင်း ကိုင်တွယ်ဖို့ လိုအပ်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်မှုများနေတဲ့နေရာရှိ ကလေးသူငယ်တွေကို ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးရန် မိုဘိုင်းအဖွဲ့ကို စေလွှတ်မှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အားလုံး စစ်ဆေးမှု ခံယူရန် ကျန်းမာရေးဝန်ကြီးက တိုက်တွန်းထားပါတယ်။
ကြာသပတေးနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၅၁၆ ဦး ရှိရာ ယခု သေဆုံး အရေအတွက်ဟာ ၂၈ ရက်အတွင်း အများဆုံးဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁ ဒသမ ၈ သန်းနီးပါးနဲ့ သေဆုံးသူဟာ ၆၃,၀၈၂ ဦးရှိကြောင်း ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
MDN
ကိုးကား - AFP