၂ ဒီဇင်ဘာ
ဗြိတိန်နိုင်ငံမှာ Pfizer-BioNTech ဆေးကုမ္ပဏီတို့ကနေ ပူးတွဲထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအား လာမယ့်သီတင်းပတ်ကစပြီး သုံးစွဲခွင့်ပြုလိုက်ကြောင်း ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဗြိတိန်အစိုးရက ဆေးဝါးနဲ့ ကျန်းမာရေးထုတ်ကုန်ပစ္စည်းများ စည်းမျဉ်းစည်းကမ်းအဖွဲ့ (MHRA) က တင်သွင်းတဲ့ Pfizer-BioNTech ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးကို အသုံးပြုရန် ထောက်ခံချက်ကို လက်ခံပြီးနောက် အခု ကြေညာချက်ကို ကျန်းမာရေးဌာနက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ကာကွယ်ဆေးဟာ လာမယ့်သီတင်းပတ်မှာ ဗြိတိန်တစ်နိုင်ငံလုံးက ရရှိနိုင်မှာဖြစ်ကြောင်း၊ ကာကွယ်ဆေး ရရှိမယ့် ဦးစားပေးစာရင်းတွင် စောင့်ရှောက်ရေးဂေဟာ နေထိုင်သူတွေ၊ ကျန်းမာရေးနဲ့ စောက်ရှောက်ရေးလုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေနဲ့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတဲ့ အသက်အရွယ်ကြီးသူတွေ ပါဝင်ကြောင်း ထုတ်ပြန်ပါတယ်။
Pfizer ဆေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌ အယ်လ်ဘတ်ဘိုလာက ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါပိုး တိုက်ဖျက်ရေးအတွက် သမိုင်းဝင်တဲ့နေ့ ဖြစ်လာကြောင်း၊ သူတို့က ကာကွယ်ဆေးကို ထုတ်လုပ်နေ ကတည်းက အသုံးပြုခွင့်ရရှိရေးဟာ သူတို့ရဲ့ ပန်းတိုင်ဖြစ်ကြောင်းနဲ့ ဗြိတိန်ပြည်သူတွေအတွက် ကာကွယ်ရေးကို အချိန်မီရရှိရေးကို ဆောင်ရွက်ခဲ့တဲ့ MHRA အား ဂုဏ်ယူကြောင်း ပြောကြားပါတယ်။
ဗြိတိန်နိုင်ငံက Pfizer-BioNTech မှာ ထုတ်လုပ်တဲ့ ကာကွယ်ဆေး သန်း ၄၀ ကို မှာထားပြီး ဖြစ်ရာ ကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးရမှာ ဖြစ်တဲ့အတွက် လူသန်း ၂၀ အတွက် ရရှိပြီးပြီလို့ ဆိုနိုင်ပါတယ်။
ကာကွယ်ဆေးဟာ အနုတ် ၇၀ ဒီဂရီစင်တီဂရိတ် (-70C) ရှိတဲ့ နေရာမှာ သိမ်းဆည်းရမှာဖြစ်ကြောင်း၊ ဆေးဖြန့်ချိရေးမှာလည်း အထူးစီမံထားတဲ့ ရေခဲခြောက်များပါဝင်တဲ့ ပုံးတွေကို အသုံးပြုရမှာ ဖြစ်ကြောင်း၊ ကာကွယ်ဆေးတွေ ရရှိပြီးနောက် -70C ရှိ ရေခဲသေတ္တာမှာ ငါးရက်သာ သိမ်းဆည်းနိုင်ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP