ဗြိတိန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၄၆ ဦးရှိလာ

လန်ဒန် ဒီဇင်ဘာ ၇

 

ဗြိတိန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၆ ဦး ထပ်မံ တွေ့ရှိရသဖြင့် နိုင်ငံအတွင်း အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၄၆ ဦးအထိရှိလာကြောင်း ဗြိတိန်ကျန်းမာရေးတာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားသည်။

 

နိုင်ငံအတွင်းလက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၄၆၄၃၈၉ ဦးရှိကြောင်း သိရသည်။ ထို့ပြင် အဆိုပါ ရောဂါကြောင့်သေဆုံးသူပေါင်း ၁၄၅၆၀၅ ဦးရှိလာသည်။ ဗြိတိန်နိုင်ငံသို့ လာရောက်မည့် နိုင်ငံတကာမှ အသက် ၁၂ နှစ်နှင့်အထက် ကလေးငယ်များအပါအဝင် ခရီးသည်များသည် ဒီဇင်ဘာ ၇ ရက် ဂရင်းနစ်စံတော်ချိန် ၄ နာရီမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးမှုခံယူ ရန် လိုအပ်ကြောင်းနှင့် အဆိုပါစစ်ဆေးမှု များကို ခရီးစတင်မထွက်မီ ၄၈ နာရီ အတွင်း စစ်ဆေးရန်လိုအပ်ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီး ဆာဂျစ် ဂျာဗက်က ပြောကြားသည်။

 

ဗြိတိန်နိုင်ငံသည် လက်ရှိအချိန်တွင် အိုမီခရွန်ဗီဇပြောင်းတွေ့ရှိသော တောင်အာဖရိကရှိ နိုင်ငံအများအပြားအား ခရီးသွားလာမှုဆိုင်ရာ သတိပေးအဆင့် သတ်မှတ်ထားပြီး ဒီဇင်ဘာ ၆ ရက် ဂရင်းနစ်စံတော်ချိန် ၄ နာရီမှစတင်၍ နိုင်ဂျီးရီးယားနိုင်ငံကိုလည်း ခရီးသွားလာမှုဆိုင်ရာ သတိပေးအဆင့်သတ်မှတ် လိုက်ကြောင်း သိရသည်။ လက်ရှိအချိန်၌ ဗြိတိန်နိုင်ငံအတွင်းရှိ အသက် ၁၂ နှစ်နှင့် အထက်ရှိသူများ၏ ၈၈ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး တစ်ကြိမ်ထိုးနှံပြီးစီးခဲ့ပြီး ၈၁ ရာခိုင် နှုန်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးစီးခဲ့ကာ ၃၅ ရာခိုင်နှုန်း ကျော်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံမှုခံယူပြီးစီးကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-စိုးသူရ