လန်ဒန် ဒီဇင်ဘာ ၂၀

 

ဗြိတိန်နိုင်ငံ၌ လက်ရှိအချိန်တွင် နေ့စဉ် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၀၀၀ ကျော်ရှိလာသောကြောင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်တားဆီးရေး လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ မဆောင်ရွက်ပါက နိုင်ငံအတွင်း အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများ ထပ်မံမြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက သတိပေး ပြောကြားသည်။

 

၁၀၀၅၉ ဦး ထပ်မံတွေ့ရှိ

ဒီဇင်ဘာ ၁၉ ရက်နေ့ တစ်ရက်တည်းတွင် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀၅၉ ဦး ထပ်မံတွေ့ရှိရကြောင်း ဗြိတိန်ကျန်းမာရေး အေဂျင်စီက ပြောကြားသည်။ လက်ရှိအချိန်တွင် လန်ဒန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ များ၏ ၈၃ ဒသမ ၄ ရာခိုင်နှုန်းမှာ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူများ ဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်၌ နိုင်ငံအတွင်း အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အခြေအနေမှာ စိုးရိမ်ဖွယ်အနေအထား ဖြစ်ကြောင်း လန်ဒန်မြို့တော်ဝန် ဆာဒက်ခန်းက ပြောကြားသည်။ ။

 

ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသသူ အရေအတွက် များပြားလာခြင်းကြောင့် နိုင်ငံ၏ကျန်းမာရေး စောင့်ရှောက်မှု စနစ်အပေါ်တွင် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာနိုင်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကျဆင်းရေး အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများကို ပိုမိုတင်းကျပ်စွာ ချမှတ်ရန် ဗြိတိန်အစိုးရ ဆေးသိပ္ပံပညာ အကြံပေးအဖွဲ့က တိုက်တွန်းခဲ့သည်။

 

ကိုးကား -အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ