နေပြည်တော် ၂၂ ဇွန်

COVID-19 ကြောင့် ဗြိတိန်နိုင်ငံရှိ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ထားသည့် သင်္ဘော (၉) စင်းပေါ်နှင့် ဘရာဇီးလ်နှင့် ဂျာမနီတို့တွင် တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေသည့် မြန်မာသင်္ဘောသား/သမီး (၁၇၈) ဦး၊ ဗြိတိန်နှင့် အိမ်နီးချင်း ဥရောပနိုင်ငံများတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ဖြစ်နေသည့် မြန်မာ နိုင်ငံသား (၇၂) ဦး၊ စုစုပေါင်း ၂၅၀ ကို မြန်မာသံရုံး၊ လန်ဒန်မြို့၏ စီစဉ်မှုဖြင့် ၂၁-၆-၂၀၂၀ ရက်နေ့တွင် ကာတာလေကြောင်းမှ လေယာဉ်စင်းလုံးငှား၍ လန်ဒန်မြို့မှ ရန်ကုန်မြို့သို့ ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ် တိုက်ရိုက် ပျံသန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ပြန်လည်စေလွှတ်နိုင်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့မှ လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်လိုက်ပါသွားကြသည့် မြန်မာနိုင်ငံသား များအား မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနှင့် သံရုံးမှတာဝန်ရှိသူများ၊ ဒေသခံမြန်မာများနှင့် ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း (ယူကေ) တို့က လန်ဒန်မြို့၊ ဟီးသရိုးလေဆိပ်တွင် ပို့ဆောင်၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

Credit#နိုင်ငံခြားရေးဝန်ကြီးဌာန