နေပြည်တော် ၂၂ ဇွန်
နိုင်ငံတကာ ကုန်သွယ်သင်္ဘောများ၊ အပျော်စီးသင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင် လျက်ရှိကြသည့် မြန်မာသင်္ဘောသားများသည် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများကြောင့် တာဝန်မှ ရပ်စဲခံရခြင်း၊ ဆိပ်ကမ်းကပ်ရာ နိုင်ငံများ၌ Lock Down နှင့် ကြုံတွေ့ရခြင်း၊ ပြည်ဝင်ခွင့်မရခြင်း၊ နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲမှု ယာယီရပ်ဆိုင်းခြင်းနှင့်အတူ ရောက်ရှိရာ နေရာဒေသများတွင် အခက်အခဲ ကြုံတွေ့နေရခြင်း၊ လူစားလဲလှယ် (Crew change) ပြုလုပ်ရန် အခက်အခဲများ ရှိခြင်းတို့ကြောင့် သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီများ၏ အစီအစဉ်ဖြင့်လည်းကောင်း၊ မြန်မာသံရုံးများ၏ အစီအစဉ်ဖြင့်လည်းကောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ တင်ပြလျက် ကယ်ဆယ်ရေး လေယာဉ်များ၊ အထူးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယနေ့အထိ မြန်မာသင်္ဘောသား စုစုပေါင်း (၁,၀၀၀) ခန့်အား ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယနေ့တွင် ဗြိတိန်နိုင်ငံရှိ ဆိပ်ကမ်းများ၌ ကျောက်ချရပ်နားထားသည့် သင်္ဘော (၉) စင်းနှင့် ဘရာဇီးလ်နှင့် ဂျာမနီနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်မှု ပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေသည့် မြန်မာသင်္ဘောအမှုထမ်း (၁၇၈) ဦးနှင့် ဗြိတိန်နိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၇၂) ဦး၊ စုစုပေါင်း (၂၅၀) ဦး တို့အား သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီများ၏ အစီအစဉ်ဖြင့် ကာတာ လေကြောင်းလိုင်း (Qatar Airways) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် နိုင်ရေးအတွက် မြန်မာသံရုံး၊ လန်ဒန်မြို့မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ၎င်းတို့သည် (၁၁:၅၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။
Credit#နိုင်ငံခြားရေးဝန်ကြီးဌာန


