၃၁ မေ

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ချမှတ်ထားတဲ့ အသွားအလာကန့်သတ်မှုတွေ ရုပ်သိမ်းခြင်းဟာ စောလွန်းနေသေးကြောင်း ထိပ်တန်းအကြံပေးအဖွဲ့ဝင်တွေက ဝန်ကြီးချုပ်ကို သတိပေးပြောကြား လိုက်တာဖြစ်ပါတယ်။

မတ်လကစပြီး ပြဌာန်းထားတဲ့ အသွားအလာကန့်သတ်မှုတွေကို မနက်ဖြန် (တနင်္လာနေ့) မှာ ရုပ်သိမ်းသွားမှာဖြစ်ပြီး အင်္ဂလန်အတွင်းရှိ မူလတန်းကျောင်းတွေကို ပြန်ဖွင့်တော့မှာ ဖြစ်သလို လူမြင်ကွင်းမှာ လူ ၆ ဦးအထိ စုဝေးခွင့်လည်းပြုတော့မှာဖြစ်ပါတယ်။

အကြံပေးအဖွဲ့တစ်ဦးဖြစ်တဲ့ ပါမေက္ခ ဂျွန် အက်မွန်က အစိုးရရဲ့ အခုလုပ်ဆောင်ချက်က နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောကြားလိုက်သလို နောက်အဖွဲ့တစ်ဦးဖြစ်တဲ့ ဆာ ဂျယ်ရမီ ဖာရာ က အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ အချိန်မတိုင်မီ လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

စကော့တလန်၊ မြောက်အိုင်ယာလန် နဲ့ ဝေးလ်မှာတော့ လာမယ့်တနင်္လာနေ့မှာ ကျောင်းတွေ ပြန်မဖွင့်သေးပေမယ့် စကော့တလန်မှာ လူတွေကို လေ့ကျင့်ခန်းလုပ်ဖို့ အပြင်ထွက်ခွင့် ပြုထားပါတယ်။ မြောက်အိုင်ယာလန် မှာ ဆိုင်ကြီးတွေပါ ဖွင့်ခွင့်ပေးထားပြီး ဇွန် ၈ ရက်ကစပြီး လူအနည်းငယ်ပါဝင်တဲ့ မင်္ဂလာ အခမ်းအနားတွေ လုပ်ဆောင်နိုင်ပါတယ်။ ဝေးလ်မှာတော့  တနင်္လာနေ့ကစပြီး လူမြင်ကွင်းမှာ လူတွေ စုဝေးခွင့် ရပြီလို့ သိရပါတယ်။

အစိုးရရဲ့ အသွားလာ ကန့်သတ်မှုရုပ်သိမ်းခြင်းကို အကြံပေးအဖွဲ့ဝင် ငါးဦးနဲ့ လန်ဒန်နဲ့ မန်ချက်စတာ မြို့တော်ဝန် တွေကပါ စိုးရိမ်ကြောင်း သတိပေး ပြောနေပါတယ်။ အစိုးရဲ့ ကျောင်းပြန်ဖွင့်မယ့်အစီအစဉ်ကို  Unions ကလည်း မလုပ်ဖို့ ပြောဆိုနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၂၁၅ ဦးရှိတဲ့အတွက် စုစုပေါင်း ၃၈,၃၇၆ ဦးရှိကြောင်း စနေနေ့မှာ အစိုးရက ထုတ်ပြန် ကြေညာထားပါတယ်။

MDN
ကိုးကား - AFP