၁၂ နိုဝင်ဘာ
ဗြိတိန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် လူပေါင်း ၅၀၀၀၀ သေဆုံးခဲ့သည့် ဉရောပနိုင်ငံများထဲမှ ပထမဆုံးသော နိုင်ငံဖြစ်လာခဲ့သည်။
ကူးစက်မှု အသစ်များ တိုးမြှင့်လာပြီးနောက် အသွားအလာ ကန့်သတ်မှုများကို ဉရောပ အစိုးရများက ချမှတ်ခဲ့သည်။
ဗြိတိန်နိုင်ငံတွင် ဗုဒ္ဓဟူးနေ့ အတွင်းက သေဆုံးသူ ၅၉၅ ဉီးရှိခဲ့ပြီးနောက် စုစုပေါင်း သေဆုံးသူ ၅၀၃၆၅ ဉီး ရှိသွားပြီဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေး အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။
ကျွန်တော်တို့ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်မှ မလွှတ်မြောက်နိုင်သေးကြောင်း လူအများ အနေဖြင့် ကူးစက်မှုမှ ကာကွယ်ရန် လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာခြင်းအားဖြင့် ဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ကြာသပတေးနေ့မှစပြီး အင်္ဂလန်နိုင်ငံတွင် အသွားအလာ ကန့်သတ်မှုများ ပြုလုပ်ခဲ့သော်လည်း ဗြိတိန်အစိုးရသည် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။
အင်္ဂလန်နိုင်ငံမှ လူအများ အနေဖြင့် မလိုအပ်ပဲ ခရီးသွားခြင်းမျိုးကို ရှောင်ကြဉ်ရမည်ဖြစ်ပြီး စားသောက်ဆိုင်များနှင့် ဝန်ဆောင်မှုပေးသည့် ဆိုင်များကိုသာ ဖွင့်ထားရမည်ဖြစ်ပြီး အခြားဆိုင်များကိုမူ ပိတ်ထားရမည်ဖြစ်သည်။
ဘယ်လ်ဂျီယံနိုင်ငံတွင်လည်း ဗုဒ္ဓဟူးနေ့က အထိ သေဆုံးသူ စုစုပေါင်း ၁၃၀၀၀ ရှိပြီဖြစ်သည်။
ပြီးခဲ့သည့် စနေ့နေ့က ဟန်ဂေရီနိုင်ငံတွင် လူပေါင်း ၅၀၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မှစပြီး ဟန်ဂေရီနိုင်ငံတွင် ညမထွက်ရအမိန့်ကို တစ်လ ထုတ်ပြန်ခဲ့သည်။
လူအများသည် ည ၈ နာရီမှ နံနက်ငါးနာရီအထိ နေအိမ်တွင် နေထိုင်ရမည်ဖြစ်ပြီး အများပြည်သူနှင့်ဆိုင်သည့် နေရာများသို့ သွားလာလျှင် နှာခေါင်းစည်းများကို မဖြစ်မနေ ဝတ်ဆင်ရမည်ဖြစ်သည်။
စားသောက်ဆိုင်များနှင့် ဘားဆိုင်ကဲ့သို့ ဆိုင်များနှင့် အခြားစုရုံးခြင်းများကို ပိတ်ပင်တားမြစ်ထားလျက် ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်