ဗြိတိန်ရေနံတင်သင်္ဘောကိုဖမ်းဆီးမည်ဟု အီရန်ခြိမ်းခြောက်

တီဟီရန် ၈ ဇူလိုင် 

ဂျီဘရော်လ်တာ၌          အီရန်ရေနံတင် သင်္ဘောတစ်စင်း  ဖမ်းဆီးခံခဲ့ရမှုအပေါ် တုံ့ပြန်သည့်အနေဖြင့်  ဗြိတိန်ရေနံတင် သင်္ဘောကိုဖမ်းဆီးမည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ  အကြီးတန်း အာဏာပိုင်တစ်ဦးက ခြိမ်းခြောက်လိုက် ကြောင်းသိရသည်။

အီရန်ရေနံတင်သင်္ဘောကို  အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ထိုသို့မလွှတ်ပေးပါက  အီရန်ကလည်းအလားတူ  တုံ့ပြန်သွားရန်ရှိကြောင်း    ၄င်းကတွစ်တာ စာမျက်နှာပေါ်တွင်    ရေးသားဖော်ပြခဲ့သည်။      ဗြိတိန်နိုင်ငံ      ဂျီဘရော်လ်တာ အာဏာပိုင်များသည် အီရန်သင်္ဘောကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြာသပတေးနေ့က ပြောခဲ့သည်။

အဆိုပါသင်္ဘောသည်      ဥရောပသမဂ္ဂက  ချမှတ်ထားသည့်  အရေးယူ ပိတ်ဆို့မှုကို  ဖောက်ဖျက်ကာ  ရေနံစိမ်း များကို  ဆီးရီးယားနိုင်ငံဆီသို့  သယ်ယူပို့ဆောင်ပေးနေသည်ဟု ၄င်းတို့က ယူဆထားသည်။

ယခုကဲ့သို့  ဖမ်းဆီးခြင်းမှာ  တရားဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း  ဆိုထားသည်။ သင်္ဘောကို  စစ်ဆေးမှုများ  လုပ် ဆောင်ရန်အတွက် ၁၄  ရက်ကြာ ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ဇူလိုင် ၅ ရက်တွင် ဂျီဘရော်လ်တာဘက်မှ အကြောင်းကြားခဲ့သည်။

အီရန်အပေါ် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ကျရောက်လာပြီးနောက် အီရန်မှ  ရေနံများကို  ပြည်ပမှ  ဝယ်ယူမှု ကျဆင်းသွားခဲ့ရာ  အီရန်အနေဖြင့် ရေနံစိမ်းတင်ပို့မှု        လျော့ကျလာနေသည့် အတွက် စိတ်ပျက်အားလျော့နေချိန် ယခု ဖြစ်ရပ်ပေါ်ထွက်လာခဲ့သည်။

အင်န်အိတ်ချ်ကေ