လန်ဒန် ၂၇ နိုဝင်ဘာ
ဗြိတိန်နိုင်ငံတွင် နိုဝင်ဘာ ၂၅ ရက် တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါ ဆက်စပ်သေဆုံးသူအရေအတွက် ၆၉၆ ဦး သေဆုံးခဲ့သဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၅၆၅၃၃ ဦးအထိ ရောက်ရှိလာခဲ့သည်။ အဆိုပါတစ်နေ့တည်း သေဆုံးသူပမာဏသည် မေ ၅ ရက် မှစကာ အမြင့်ဆုံးပမာဏအဖြစ် စံချိန်တင်မြင့်တက် ခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့သော အစိုးရ စာရင်းဇယားများအရ သိရသည်။
အဆိုပါနေ့တစ်နေ့တည်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၁၈၂၁၃ ဦးစမ်းသပ်တွေ့ရှိခဲ့မှုကြောင့် နိုင်ငံအတွင်း စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြု ဖြစ်ပွားသူပေါင်း ၁၅၅၇၀၀၇ ဦးရှိခဲ့ကြောင်း စာရင်းဇယား များတွင် ဆက်လက်ဖော်ပြထားသည်။
ဗြိတိန်အစိုးရသည် ခရစ္စမတ်ပွဲတော်ကာလစွန့်စားမှု ပြုလုပ်သည့်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကန့်သတ်ချက် များကို ဖြေလျှော့ရန် စီစဉ်ထားရှိသည့်အပေါ် သိပ္ပံပညာရှင် များက ကိုဗစ်-၁၉ ရောဂါ မီးပေါ်သို့ လောင်စာဆီ လောင်းထည့်လိုက်ခြင်းဖြစ်နိုင်သည်ဟု သတိပေးလိုက်သည်။
ခရစ္စမတ်ကာလတွင် ကန့်သတ်ချက်များကို ပြောင်းလဲပြီး ခွင့်ပြုပေးလိုက်ပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများသည် မြေကြီးလက်ခတ်မလွဲတိုးလာလိမ့်မည်ဟု ကိန်းဘရစ်တက္ကသိုလ်မှ ဒေးဗစ်စပိုင်ဂျယ် ဟော်တာက ယခုသီတင်းပတ်အစောပိုင်းတွင် တိုင်းမ် ရေဒီယိုသို့ ပြောကြားလိုက်သည်။
ခရစ္စမတ်ပွဲတော်ကာလ ငါးရက်အတွင်း မိသားစုသုံးစုအထိ တွေ့ဆုံနိုင်ကြောင်း ဗြိတိန်အစိုးရရုံးဝန်ကြီး မိုက်ကယ်ဂေါ့က နိုဝင်ဘာ ၂၄ရက်ကပြောကြားလိုက်သည်။ ဒီဇင်ဘာ ၂၃ ရက်မှ ၂၇ ရက်အတွင်း မိသားစုသုံးစုသည် သီးသန့်နေအိမ် သို့မဟုတ် ဆုတောင်းပွဲနေရာ သို့မဟုတ် အများပြည်သူ အပန်းဖြေနေရာ တစ်ခုခုအတွင်း၌ တွေ့ဆုံ နိုင်ကြောင်း ဒေါ့က ပြောကြားသည်။
အုပ်စုဖွဲ့ တွေ့ဆုံရာတွင် တခြားအိမ်ထောင်စုနှစ်စု မဟုတ်သော အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်မပြုထားကြောင်း သိရသည်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာ ၂ ရက်တွင် ကုန်ဆုံးမည့် လက်ရှိကျင့်သုံးနေသော အသွား အလာကန့်သတ်ပိတ်ဆို့မှုစနစ်အစား တင်းကျပ်သော ကိုဗစ်-၁၉ ရောဂါ ကန့်သတ်ချက်များကို အဆင့်လိုက် ကျင့်သုံးသည့်စနစ်ဖြင့် အစားထိုးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၃ ရက်က ကြေညာလိုက်သည်။
အဆိုပါ အဆင့်လိုက်ကျင့်သုံးသည့်စနစ်ကို မည့်သည့် ဒေသတွင် ဦးစွာကျင့်သုံးမလဲဆိုသည်ကို ယခုသီတင်းပတ် နောက်ဆုံးတွင် ကြေညာပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားလိုက်သည်။ ။
ဗြိတိန်နိုင်ငံသည် လတ်တလောတွင် တစ်လကြာ အသွားအလာကန့်သတ်ပိတ်ဆို့မှုကို ကျင့်သုံးလျက်ရှိသည်။ ပုံမှန်ဘဝအခြေအနေသို့ ပြန်လည်ရောက်ရှိလာရန် ဗြိတိန်၊၊ တရုတ်၊ ဂျာမနီ၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု တို့သည်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အပူတပြင်း ကြိုးစားရှာဖွေလျက်ရှိသည်။
ဆင်ဟွာ