၂၈ ဇူလိုင်

 

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် အသွားအလာ ကန့်သတ်ပိတ်ဆို့မှုအပြီး နိုင်ငံသားတွေ ပိုပြီး ကျန်းမာစေလာစေရေးအတွက် စက်ဘီးလမ်းတွေ မိုင်ထောင်ချီပြီး ဆောက်လုပ်ပေးသွားမယ်လို့ တနင်္လာနေ့က ကတိပေး ပြောကြားပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ အရွယ်ရောက်ပြီးသူ သုံးပုံနှစ်ပုံဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ရှိမနေကြောင်း၊ အဝလွန်တဲ့သူတွေဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရရင် ဆိုးဆိုးရွားရွား ခံစားရကြောင်း လေ့လာတွေ့ရှိချက် အချို့အရ သိရပါတယ်။

 

 

ဝန်ကြီးချုပ်က ကျန်းမာဖျတ်လတ်တဲ့နိုင်ငံ တည်ဆောက်ရေးအတွက် မှန်ကန်တဲ့ အခြေခံ အဆောက်အအုံတွေ လိုအပ်သလို နှစ်ဘီးတည်းနဲ့ ခရီးသွားလာနိုင်ရန် လိုအပ်တဲ့ သင်ကြားမှုနဲ့ ထောက်ပံ့မှုတွေ ပေးသွားမှာဖြစ်ကြောင်း၊ စက်ဘီးစီးပြီး သွားလာခြင်းကနေ အကျိုးကျေးဇူးတွေ ခံစားလာအောင် လုပ်ဆောင်ပေးမယ်လို့ ဆိုပါတယ်။

 

 

ဘောရစ်ဂျွန်ဆင်ဟာ လန်ဒန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀ဝ၈ မှ ၂၀၁၆ ခုနှစ်အထိ ဘောရစ်ဘိုက် ဆိုတဲ့ စက်ဘီးနဲ့ မြို့သူမြို့သားတွေကို မိတ်ဆက်ပေးခဲ့ဘူးပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် အသွားအလာ ကန့်သတ်ပြီးနောက် နံနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ဘတ်စ်ကားနဲ့ ရထားတွေမှာ လိုက်ပါစီးနင်းသူ တစ်ဝက်လောက်သာ ပါရှိကြောင်းနဲ့ အများသုံး ယာဉ်တွေကို အသုံးပြုရန် စိုးရိမ်ကြောင်း လေ့လာချက်အရ သိရပါတယ်။

 

 

ဝန်ကြီးချုပ်က အန္တရာယ် ကာကွယ်ထားတဲ့ စက်ဘီးလမ်းတွေကို မြို့ကြီးတွေနဲ့ မြို့ငယ်တွေမှာ တည်ဆောက်ပေးရန် စတာလင်ပေါင် ၂ ဘီလီယံ သုံးစွဲသွားမယ်လို့ ပြောပါတယ်။

 

 

စက်ဘီးအဟောင်းတွေ ပြုပြင်နိုင်ရေးအတွက် ပထမအကြိမ် အနေနဲ့ ပြင်ခ စတာလင် ၅၀ ကင်းလွတ်ခွင့် ပေးမယ်လို့ အစိုးရက ကတိပေးသွားပါတယ်။

 

 

ဗြိတိန်နိုင်ငံဟာ ဉရောပမှာ ကပ်ရောဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အများဆုံးဖြစ်ရာ  လူပေါင်း ၄၅,၇၅၉ ဦး သေဆုံးခဲ့ပါတယ်။

 

 

MDN

ကိုးကား - AFP