လန်ဒန် ၁၄ မတ်
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ နောက်ဆုံးတင်သွင်းခဲ့သည့် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးဆိုင်ရာ သဘောတူညီချက်မူကြမ်းကို ယမန်နေ့က ဗြိတိန်လွှတ်တော်၌ အမတ်များက ပယ်ချခဲ့သည်။ ၎င်း၏အဆိုကို လက်မခံသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ဝန်ကြီးချုပ်မေက ပြောသည်။
“ကျွန်မရဲ့အဆိုကို လက်မခံတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ အီးယူက ခွဲထွက်တဲ့အခါ စနစ်တကျ ခွဲထွက်တဲ့နည်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဒီတစ်နည်းပဲရှိတယ်လို့ ယုံကြည်ပါတယ်” ဟုဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ပြောသည်။
ဝန်ကြီးချုပ်မေ၏ အဆိုကို ကန့်ကွက်မဲ ၃၉၁ မဲ၊ ထောက်ခံမဲ ၂၄၂ မဲနှင့် ဗြိတိန်လွှတ်တော်က ပယ်ချခဲ့ကြောင်း သိရသည်။ နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါဝင်သည့်အီးယူက မည်သည့်သဘောတူညီချက်မှမပါဘဲ မတ် ၂၉ ရက်မှာ ဗြိတိန်ခွဲထွက်ရန် မတ် ၁၃ ရက်တွင် ထပ်မံ မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ မတ် ၁၃ ရက်တွင် သဘောတူညီမှုမရလျှင် နုတ်ထွက်မှုကို ဆိုင်းငံ့ရန် မတ် ၁၄ ရက်တွင် ထပ်မံမဲခွဲဦးမည်ဟု သိရသည်။ အကယ်၍ အီးယူမှ ဗြိတိန်နုတ်ထွက်ရေး ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့လျှင် သဘောတူညီမှုသစ်တစ်ခုရရေး ဆွေးနွေးချိန်တိုးပေးရန် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ဥပဒေပြဋ္ဌာန်းချက် အပိုဒ် ၅၀ အရ အီးယူနှင့် ညှိနှိုင်းရမည်ဖြစ်ကြောင်း သိရသည်။
အီးယူအဖွဲ့ဝင် အိုင်ယာလန်နှင့် ဗြိတိန်မြောက်ပိုင်း အိုင်ယာလန်တို့၏ နယ်စပ်ဒေသကို ဗြိတိန် အီးယူမှခွဲထွက်ပြီးနောက် ပုံမှန်အတိုင်း ဆက်လက်ဖွင့်ထားရန် ဥပဒေကြောင်းအရ ခိုင်မာသည့် အပြောင်းအလဲတစ်ခုအတွက် ဥရောပကော်မရှင် အကြီးအကဲ ဂျန်ကလောဒီဂျန်ကာနှင့် ဝန်ကြီးချုပ် ထရီဆာမေတို့ မတ် ၁၁ ရက်ညှိနှိုင်းမှုမှ ရရှိခဲ့သည့် သဘောတူညီချက်ကိုလက်ခံရန် လွှတ်တော်အမတ်များကို ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ က ပန်ကြားခဲ့ကြောင်း သိရသည်။
သို့သော်လည်း ၎င်း၏ ပန်ကြားချက်ကို လွှတ်တော်အမတ်များက မထောက်ခံဘဲ ပယ်ချခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် ဇန်နဝါရီလက တင်သွင်းခဲ့သည့်ထရီဆာမေ၏ အစီအစဉ်တွင်လည်း ထောက်ခံမဲ ၂၃၀ သာရရှိခဲ့ပြီး ရှုံးနိမ့်ခဲ့သလို ယခုလည်း အရှုံးနှင့် ထပ်မံရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
အေအက်ဖ်ပီ