ရန်ကုန် ၂၄ ဖေဖော်ဝါရီ

 

အင်္ဂလိပ်စာနှင့် ဘာသာစကား အရည်အသွေး တိုးတက်လိုသူများ အခမဲ့တက်ရောက်နိုင်မည့် အင်္ဂလိပ်စာ အွန်လိုင်းသင်တန်းနှစ်ခုဖြစ်သော "English for the Workplace"နှင့် "Study UK: a Guide for Education Agents" သင်တန်းကို ဗြိတိသျှကောင်စီက ဖေဖော်ဝါရီနှင့် မတ်လဆန်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

English for the Workplace သင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် စတင်မည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို အသုံးပြုရသည့် လုပ်ငန်းခွင်များတွင် လက်ရှိလုပ်ကိုင်နေသူများ သို့မဟုတ် ထိုကဲ့သို့သော လုပ်ငန်းခွင်မျိုးတွင် လုပ်ကိုင်ရန် အလုပ်ရှာဖွေနေသူများအတွက် ‌အသုံးဝင်မည့် သင်တန်းဖြစ်ကြောင်း၊ အဆိုပါ English for the Workplace အခမဲ့ အွန်လိုင်းသင်တန်းကို တက်ရောက်လိုသူများအနေဖြင့် http://bit.ly/2Se8UMC သို့ ဝင်ရောက်၍ သင်တန်း တက်ရောက်နိုင်ကြောင်း၊ သင်တန်းတွင် Finding a job, Interviews, Starting a job နှင့် Working together စသည့် အဓိက ခေါင်းစဉ်များနှင့်အတူ ခေါင်းစဉ်တစ်ခုချင်းအလိုက် ခေါင်းစဉ်ခွဲများကိုပါ သင်ကြားကြရမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တခြောက်ပတ်ဖြစ်ပြီး အွန်လိုင်းရှိသော မည်သည့်နေရာမှမဆို အခမဲ့ တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

 

Study UK: a Guide for Education Agents သင်တန်းကို မတ်လ ၂ ရက်တွင် စတင်မည်ဖြစ်ပြီး အဆိုပါသင်တန်းတွင် နိုင်ငံတကာ ပညာရေးအေးဂျင့်များ၊ ပညာရေးအကြံပေးများနှင့် အတိုင်ပင်ခံများအတွက် ယူကေပညာရေး နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာဗဟုသုတများကို ရရှိစေနိုင်မည့်အပြင် Professional ပညာရေးဆိုင်ရာအေးဂျင့်တစ်ဦး ဖြစ်လာစေရန် အကြံပေးချက်များလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ယူကေတွင် လာရောက်ကျောင်းတက်ရန် လေ့လာနေသူများနှင့် ယူကေပညာရေးဆိုင်ရာအေးဂျင့်အဖြစ် အလုပ်လုပ်ကိုင်နေသူများအတွက် သင့်တော်သည့် သင်တန်းအမျိုးအစားဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ရန်အတွက် http://bit.ly/2uYeV7t သို့ ဝင်ရောက်၍ စာရင်းပေးပြီး တက်ရောက်နိုင်ကြောင်း သိရသည်။

 

အဆိုပါ အခမဲ့ အွန်လိုင်းသင်တန်းနှစ်ခုလုံးနှင့် ပတ်သက်၍ ထပ်မံသိရှိလိုသောအချက်များရှိပါက ဗြိတိသျှကောင်စီ ဖုန်း-၀၁-၂၅၀၀၉၉၊ ၂၅၆၂၉၁၊ ၃၇၀၉၃၃ နှင့် အီးမေးလ်လိပ်စာ [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

 

သူရဖြိုး