ရေးသားသူ Dr. Thin Yadanar @ Frances ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
သွယ်လျကျစ်လျစ်တဲ့ ကိုယ်ခန္ဓာတစ်ခု ကြည့်ကောင်းတဲ့ ကိုယ်ခန္ဓာတစ်ခုမှာ ပြားချပ်ချပ်ဗိုက်ကလေးက ရေးအကြီးဆုံးမလား။ ဘယ်လောက်ပဲ ပိန်နေနေ ဗိုက်ကလေးမှာ အဆီစုနေရင် လုံးဝ ကြည့်မကောင်းဘူးလေ။ ပြီးတော့ လူတစ်ယောက်စပြီး ဝလာပြီဆိုတာနဲ့ ဗိုက်ကစထွက်လာတာမလား။ ဒီတော့ ကိုယ်ခန္ဓာအလှကိုဖျက်ဆီးနေတဲ့ ပူနေတဲ့ ဗိုက်ကို နည်းမျိုးစုံနဲ့ ကြိုးစားချကြတယ်လေ။ ဒီလို ဗိုက်အဆီချတဲ့နေရမှာ လေ့ကျင့်ခန်းလုပ် အစားလျှော့ရုံနဲ့တင် မပြီးသေးပါဘူး။ ခုပြောမယ့် အမှားတွေ မသိလိုက်ဘဲ လုပ်နေတာမျိုး မဖြစ်ဖို့တော့ လိုပါတယ်။
ဒီတော့ ကိုယ်ကြိုးစားသမျှ အရာထင်စေဖို့အတွက် လူတိုင်းလုပ်နေမိတတ်တဲ့ အမှားလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။
( ၁ ) ဗိုက်အဆီချစေဖို့ အိပ်ထမတင် တစ်မျိုးတည်း ဇောက်ချလုပ်ခြင်း
အိပ်ထမတင်လေ့ကျင့်ခန်းဟာ ဗိုက်ကြွက်သားတွေကို အားသန်စေပြီး ဗိုက်အဆီကိုကျစေတဲ့ လေ့ကျင့်ခန်းဆိုမှန်ပေမယ့် သူတစ်မျိုးတည်းလုပ်ပြီး အခြား cardio လေ့ကျင့်ခန်းတွေ မလုပ်ဘဲနေရင်တော့ အချိန်တိုအတွင်း အဆီကျနိုင် မှာမဟုတ်ပါဘူး။
( ၂ ) အိပ်ချိန်နည်းလွန်းခြင်း
အိပ်ချိန်နည်းလွန်းတဲ့အခါ ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်ကုန်ပြီး သွေးတွင်း သကြားဓာတ်တွေများလာမယ့်အပြင် ဗိုက်ဆာစေတဲ့ စင်တာကိုလည်း သွားလှုံ့ဆော်ပြီး ghrelin နဲ့ leptin ဟော်မုန်းတွေ ထွက်လာတာကြောင့် အစားစားချင်စိတ်တွေ ပိုဖြစ်နေတတ်ပြီး အဆီစုခြင်းကို အားပေသလိုဖြစ်နေပါလိမ့်မယ်။
( ၃ ) HIIT (high-intensity interval training) မလုပ်ခြင်း
HIIT (high-intensity interval training) ကိုအားလုံးကြားဖူးကြမှာပါ။အချိန်ပိုင်းနဲ့ ပြင်းထန်စွာ လေ့ကျင့်ခန်းလုပ်တဲ့ ဒီ HIIT လေ့ကျင့်ခန်းဟာ ကိုယ်ခန္ဓာတစ်ခုလုံးမှာရှိတဲ့ ကယ်လိုရီတွေကို တစ်ဆုံးလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းအမျိုးအစားပါ။ လုပ်ရတာ ပင်ပန်းလွန်းတာကြောင့် တစ်ချို့ ဒီ HIIT ကို မလုပ်ဘဲကျော်သွားခဲ့ရင် ဗိုက်အဆီကျဖို့ ပိုပြီးခက်ခက်ခဲခဲ လုပ်ရပါလိမ့်မယ်။
( ၄) ဗိုက်အဆီကျစေချင်တဲ့ ဇောနဲ့ အဆီနည်းတဲ့ အစားအစာတွေချည်းပဲ ရွေးစားတာ
အဆီနည်းတဲ့ အစားအစားတော်တော်များများက အဆီထုတ်ထားပြီး စားကောင်းအောင် သကြားနဲ့ အခြား အရသာမှုန့်တွေ ထည့်ထားတာများတဲ့အတွက် သူတို့ချည်းအားကိုးစားလို့ မရပါဘူး။ ဒီတော့ အဆင်သင့် အဆီထုတ်ထားတဲ့ အစားအစာတွေအစား ထောပတ်သီး၊ အစေ့အဆံ၊ သံလွင်ဆီ အဆီများတဲ့ငါးတွေနဲ့ ကြက်ဥအနှစ်တို့လိုမျိုး သဘာဝ အစားအစာတွေ ရွေးစားပါ။
( ၅ ) စိတ်ဖိစီးမှု ပြေလျော့အောင် မနေခြင်း
စိတ်ဖိစီးမှုဟယ အဝလွန်စေတဲ့ပြဿနာ၊ ဗိုက်မှာအဆီစုစေတဲ့ပြဿနာနဲ့ အခြားကျန်းမာရေး ပြဿနာအားလုံးရဲ့ အသံတိတ်လူသတ်သမားလို့တောင် ပြောလို့ရပါတယ်။ စိတ်ဖိစီးမှုများလေလေ ခါးတစ်ဝိုက်အဆီတက်အောင် လှုံဆော်တဲ့ cortisol ဟော်မုန်းထွက်လာလေလေဖြစ်ပြီး ပိုပိုဝလာမှာပဲ ဖြစ်ပါတယ်။
( ၆ ) ကယ်လိုရီ အလွန်အကျွံလျှော့စားတာ
ကယ်လိုရီ လျှော့စားလွန်းတာ၊ အစားအငတ်ခံတာ စတာတွေ ပိန်စေတဲ့ အချက်စေမယ့် အချက်တွေလို့ ထင်ရပေမယ့် ဘာကယ်လိုရီမှ မဝင်တာကြာလာတဲ့အခါ ကိုယ်ခန္ဓာမှာ ‘starvation state,’ လို့ခေါ်တဲ့ အဆင့်တစ်ခုကိုရောက်သွားပါတယ်။ ဒီအဆင့်ရောက်သွားပြီဆိုရင် ကိုယ်ခန္ဓာက စွမ်းအင်ထုတ်ဖို့အတွက် ကုန်ကြမ်းမရှိတော့မှာစိုးလို့ ဘာပဲစားစား အဆီအဖြစ်စုထားတဲ အခြေအနေကို ရောက်သွား ပါတော့တယ်။
( ၇ ) အဆီကျဆေးတွေနဲ့ အဆီကျခါးပတ်တွေ အပေါ် မှီခိုလွန်းတာ
လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းပြီး ပိန်ချင်တဲ့သူတွေ အတွက် အဆီကျဆေးတွေကတော့ အားကိုးစရာ ဆရာတစ်ဆူပါပဲ။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတာရှိသေးတယ်လေ။ သဘာဝ အတိုင်းမဟုတ်တဲ့ ဘယ်အရာမှာ ကောင်းတာမရှိတဲ့အတွက် ဗိုက်အဆီချဖို့ ဆေးတွေချည်းအားကိုးနေရင်လည်း မသင့်တော်ပါဘူး။
( ၈ ) လုံလောက်တဲ့ ပရိုတင်းဓာတ်တွေမစားတာ
ပရိုတင်း အသားဓာတ်မှာ ကယ်လိုရီတွေပါတယ်ဆိုပေမယ့် သူကနေ အဆီဖြစ်တာမဟုတ်ဘဲ ကြွက်သားတက်အောင် အားပေးတဲ့အရာဖြစ်တာကြောင့် အဆီကျပြီး ကြွက်သားလေးနဲ့ ကျစ်လစ်တဲ့ ဗိုက်လှလှလေးရဖို့ လုံလောက်တဲ့ ပရိုတင်းတွေ စားပေးဖို့ အရေးကြီးပါတယ်။
ဒါတွေကတော့ ဗိုက်အဆီကျစေဖို့ အားတက်သရော် လုပ်နေကြသူတိုင်း မှားလုပ်မိနေတတ်ကြတဲ့ အရာလေးတွေဖြစ်ပါတယ်။ အရင်ကမသိခဲ့လို့လုပ်ခဲ့ပေမယ့် ခုသိသွားပြီဆိုတော့ ဒီမှားတတ်တဲ့ အကျင့်လေးတွေကိုပြင်၊ ထိရောက်တဲ့လေ့ကျင့်ခန်းလည်းလုပ် အစားလည်း ဆင်ခြင်မယ်ဆိုရင် စိတ်ကူးထဲကအတိုင်း လှပချပ်ရပ်တဲ့ကိုယ်ခန္ဓာတစ်ခု ပိုင်ဆိုင်နိုင်မှာ အသေအချာပါနော်။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”
{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။}