ဗိုလ်ချုပ်အောင်ဆန်း (၁၀၅)နှစ်မြောက် မွေးနေ့အကြို စာအုပ်ဈေးရောင်းပွဲတော် ဇီးကုန်းမြို့နယ်တွင် ပြုလုပ်

ဇီးကုန်း  ၂၅  ဇန်နဝါရီ 

ဗိုလ်ချုပ်အောင်ဆန်း(၁၀၅)နှစ်မြောက်မွေးနေ့အကြို စာအုပ်ဈေးရောင်းပွဲတော်ကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်တုပန်းခြံ၌ ဇန်နဝါရီလ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ငါးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် လူငယ်ရေးရာကော်မတီမှ ဦးဆောင်၍ စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသားလူငယ်များအတွက် စာပေပြန့်ပွားရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ပေးနိုင်ရန် စာအုပ်ဈေးရောင်းပွဲတော်ကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာဦး၊ လူငယ်ရေးရာကော်မတီ တိုင်းအတွင်းရေးမှူး ဦးသန်းထိုက်အောင်နှင့် ဇီးကုန်းမြို့နယ် NLD ပါတီဦက္ကဌ ဦးလှိုင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပေးခဲ့သည်။

 

‌ေ

 

အဆိုပါစာအုပ်ဈေးရောင်းပွဲတော်တွင် သုတ/ရသစာအုပ်များ၊ ကလေးစာပေများ၊ ပုံပြင်စာအုပ်၊ ဆေးရာင်ခြယ်စာအုပ်များ၊ ကလေးများဉာဏ်ရည်ထက်မြက်စေသော အရုပ်ဆက် ကစားနည်းများ၊ ဘာသာရေးရုပ်ပြစာအုပ်များ၊ အင်္ဂလိပ်စကားပြောစာအုပ်များနှင့် ဘာသာပြန် စာအုပ်များ၊ သင်ထောက်ကူပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိပြီး၊ လူငယ်ရေးရာကော်မတီမှ ကလေးငယ်များ ပျော်ရွှင်စေရေးအတွက် ဂိမ်းကစားနည်းများ ဆော့ကစားပြီး လက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်ခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တင့်ဆွေ(ဇီးကုန်း)