၄ ဇူလိုင်
လောကတွင် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဟူ၍ ကာလသုံးပါးရှိသည်။ အတိတ်တွင် ကောင်းမွေ၊ ဆိုးမွေတို့ ကျန်ရှိတတ်ပြီး ပစ္စုပ္ပန်တွင် ထိုအတိတ်က ကောင်းမွေတို့ကို ဆက်လက်သယ်ဆောင်၍ အနာဂတ်တွင် ကောင်းသထက်ကောင်းအောင် ကြိုးပမ်းအားထုတ်ကြရသည်။ အတိတ်တွင် ဆိုးမွေတို့လည်း ကျန်ရှိတတ်ပြီး ပစ္စုပ္ပန်တွင် ထိုအတိတ်က ဆိုးမွေတို့ကို သင်ခန်းစာယူကာ သတိပြုဆင်ခြင်နေထိုင် ကျင့်ကြံအားထုတ်သင့်သည်။
ယခု ဇူလိုင်လနှင့်စပ်လျဉ်း၍ အတိတ်၊ ပစ္စုပ္ပန်နှင့်ပတ်သက်ပြီး ကောင်းမွေ၊ ဆိုးမွေတို့ကို စေ့ငုလေ့လာကြည့်မည်ဆိုသော် အာဇာနည်တည်းဟူသော ပုဂ္ဂိုလ်များ၏ မမေ့ပျောက်ဖွယ်ရာ ဂုဏ်ထူးဝိသေသများကို သတိရ တမ်းတမိကြမည်ဖြစ်သည်။ ထိုအာဇာနည်ပုဂ္ဂိုလ်များ၊ အထူးသဖြင့် ထူးကဲသည့် အောင်ဆန်းအာဇာနည် ပုဂ္ဂိုလ်ကြီး၏ မမေ့နိုင်ဖွယ်ရာ ဂုဏ်ပုဒ်များကို ဤဇူလိုင်လတွင် စာဆိုအကျော်အမျိုးမျိုးတို့က ဖွဲ့နွဲ့စပ်ဆိုခဲ့ကြ၊ စပ်ဆိုရေးဖွဲ့လျက်ရှိကြသည်။
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် ဂုဏ်ထူးဝိသေသများမှာ ရေးဖွဲ့၍ပင် ကုန်နိုင်သည်ဟူ၍ မရှိပါ။ အာဇာနည်နှင့်စပ်လျဉ်းသည့် ထိုနေ့ ထိုလရောက်လေတိုင်း စာဆိုကျော်ကြီးများ၏ ရေးသားဖွဲ့ဆိုထားခဲ့သည်များမှာ ယနေ့ထက်တိုင် စွဲထင်ကျန်ရစ်နေဆဲဖြစ်သည်ကို မြင်တွေ့ရပါသည်။ ကဗျာကဝိစာဆို အကျော်ဆရာကြီး မင်းသုဝဏ်က “------- သူ့ဝိညာဉ် မသေပျောက်ပါဘူး၊ မိုးပေါက်လို အစဉ် ကြည်လို့၊ နေခြည်လို အစဉ်လန်းကာ၊ ဖျန်းဆွတ် စိတ်စော” ဟု ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့်ပစ္စုပ္ပန်) ကဗျာတွင် ထိုကဗျာတစ်ပိုဒ် ဖွဲ့ဆိုထားသည်ကို မှတ်သားရပါသည်။
လူပင်သေသော်လည်း နာမည်မသေသော ပုဂ္ဂိုလ်များနည်းတူ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နာမည်မှာလည်း မသေပါ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များသည် ဇူလိုင် ၁၉ ရက်တွင် မသမာသူ လူသတ်သမားတစ်စု၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးသည်နှင့်ဗိုလ်ချုပ်၏ ဂုဏ်ထူးဝိသေသများကို ပုဂ္ဂိုလ်အသီးသီးတို့က ချီးကျူးဂုဏ်ပြုကြသလို စာဆိုအကျော်တို့ကလည်း အသီးသီးချီးကျူးဖွဲ့ဆိုခဲ့ကြပါသည်။
ဆရာကြီး မင်းသုဝဏ်က ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ပုဒ်အား အတိတ်နှင့်ပစ္စုပ္ပန်ကို ညွှန်းဆိုပြီး လွမ်းမောဖွယ်ကဗျာတိုတစ်ပုဒ် ဖွဲ့နွဲ့သီကုံးခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သည်မှာ ယခုနှစ်ဤလတွင် နှစ်ပေါင်း ၇၁ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဗိုလ်ချုပ်၏ ဝိညာဉ်မှာ မသေပျောက်ဘဲ ရှင်သန်နေဆဲဖြစ်သည်ကို ဖွဲ့ဆိုထားပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်နှင့်ခံယူချက်များမှာ ဇူလိုင်လတွင် ရွာသွန်းသည့် မိုးစက်မိုးပေါက်များကဲ့သို့ အစဉ်ကြည်လင် သန့်ရှင်းနေပါသည်။ မိုးရာသီဇူလိုင်လတွင် ထွင်းဖောက်လာသော နေရောင်ခြည်ကဲ့သို့ အစဉ်တောက်ပလန်းဆန်းနေပါသည်။ ထိုကြည်လင်သန့်ရှင်း တောက်ပလန်းဆန်းနေမှုများမှာ ကျွန်ုပ်တို့အားလုံးတို့အပေါ် ဖျန်းဆွတ်ထားသကဲ့သို့ စိတ်ခံစားမှုများဖြစ်ရပါသည်။
ထားသကဲ့သို့ စိတ်ခံစားမှုများဖြစ်ရပါသည်။ ဤသို့ အတိတ်က ဗိုလ်ချုပ်အောင်ဆန်း၏ ကောင်းမြတ်သည့် စိတ်ထားများမှာ ပစ္စုပ္ပန်ရှိ ကျွန်ုပ်တို့အပေါ်တွင် လွှမ်းခြုံနေဆဲဖြစ်ပါသည်။ အတိတ်က ဗိုလ်ချုပ်၏ စိတ်ဓာတ်များအား ပစ္စုပ္ပန်ရှိ ကျွန်ုပ်တို့ပြည်သူများက ဆက်လက်သယ်ဆောင် ခံယူလိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းနေသယောင် ရှိပါသည်။ ဤသည် အတိတ်က ဗိုလ်ချုပ်အောင်ဆန်း လမ်းပြထားသော စိတ်ဓာတ်နှင့် လုပ်ရပ်များအား ပစ္စုပ္ပန်တွင် ဆက်လက်မှတ်သား အတုယူအားထုတ်ကြဖို့ မမေ့နိုင်သည့်ဇူလိုင်လတွင် အသိပေး နှိုးဆော်လိုက်ခြင်းဖြစ်ပါသည်။ ။
ကြေးမုံ