ရန်ကုန် ၂၄ ဧပြီ

 


ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်းကော်မတီ စတုတ္ထအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ပြသနိုင်ရေး ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်အမှာ စကား ပြောကြားသည်။ 

 


ပြည်ထောင်စုဝန်ကြီးက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်သည် မြန်မာနိုင်ငံ၏ သမိုင်းလည်းဖြစ်ပြီး တပ်မတော်၏ သမိုင်းလည်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရခြင်းသည် အလွန်ပင် ဂုဏ်ယူဖွယ်ရာကောင်းသည့်၊ တန်ဖိုးထားဖွယ်ရာ ကောင်းသည့် အမျိုးသားရေးလုပ်ငန်း တာဝန်ကြီးတစ်ခုကို ထမ်းရွက်ရသည်ဟု ခံယူကြောင်းဖြင့် ပြောကြားသည်။

 


ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရန်  ဇာတ်ညွှန်းကို သမိုင်းနှင့် ကိုက်ညီမှုရှိစေရန်အတွက်  မြန်မာသမိုင်းပညာရှင်အဖွဲ့က ပညာရှင်ကြီးများ စုံညီစွာ တက်ရောက်ကြကြောင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဇာတ်ညွှန်းရေးသားခြင်းကို ဇွန်လအပြီးရေးသားပြီး ပဉ္စမအကြိမ် အစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၌  အပြီးရိုက်ကူးမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် စတင်ရုံတင်ပြသနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထို့ကြောင့် ယင်းလုပ်ငန်းကြီး အဆင့်အတန်းမြင့်မြင့်နှင့် အောင်မြင်ပြီးမြောက်ရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပြီး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

 


အစည်းအဝေးတွင် လုပ်ငန်းကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး(၂) ဦးလူမင်းက အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဇာတ်ညွှန်းရေးသား ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း တင်ပြကြသည်။

 


ထို့နောက် ဆပ်ကော်မတီအသီးသီးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 


ဗိုုလ်ချုပ်အောင်ဆန်း နေရာတွင် သရုပ်ဆောင်မည့် ကျော်ကျော်မျိုးက “အလွန်တာဝန်ကြီးပါတယ်၊  တာဝန်လည်း ကျေချင်တယ်၊ အစွမ်းကုန်ကြိုးစားမှာပါ။ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ပြင်ဆင်ထားတာတွေ ရှိပါတယ်။ စစ်သင်တန်းလည်း တက်ထားတယ်၊ သရုပ်ဆောင် သင်တန်းတွေ တက်ထားတယ်၊ ရိုက်ကွင်းတွေကိုလည်း လေ့လာထားတယ်။ ဗိုလ်ချုပ်စာအုပ် တော်တော်များများကိုလည်း ဖတ်နေရတယ်။  ပထမရိုက်တုန်းက ကိုယ်အားမရတဲ့အပိုင်းတွေ တွေ့လိုက်ရပြီ၊ အခု အကောင်းဆုံးဖြစ်အောင် ပြင်ဆင်လို့ရတာပေါ့။ စိတ်ဓာတ်ကိုအမြင့်ဆုံးဖြစ်အောင် သက်ဆိုင်ရာလူကြီးတွေက စိတ်ထဲကို ရိုက်သွင်းထားတယ်လေ။ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုပြုမူရမယ်၊ ကောင်းကောင်း လေ့ကျင့်ပေးထားတယ်။ အတိအကျလိုက်နာပြီး အကောင်းဆုံး ကြိုးစားသွားပါမယ်။ ဒီဇာတ်ကားက တော်တော်ကြာ ရိုက်ရမယ်ဆိုတော့ ကျွန်တော် တာဝန်ကျေအောင် ကြိုးစားသွားမှာပါ”ဟု ပြောသည်။

 


“ဒုတိယအကြိမ် ပြန်ရိုက်မယ်ဆိုတော့ အများကြီးကြိုးစားရမယ်၊ ဒီကြားထဲမှာ ကွာဟနေတဲ့ကာလတွေ အများကြီးရှိခဲ့တဲ့အတွက် အများကြီးကြိုးစားသွားမှာပါ။ ဇာတ်ညွှန်းထွက်ပြီးသွားရင် ဒါရိုက်တာဘက်က လိုအပ်တဲ့အချက်အလက်တွေ ပေးမယ်။ အဲဒါတွေကို လေ့လာရမယ်။ ကိုယ်ကလည်း  တာဝန်တစ်ဖက်နဲ့ဆိုတော့ အဲဒါတွေကို မျှပြီးလုပ်ရမှာပါ။ ဒေါ်ခင်ကြည်က စိတ်မာတဲ့ အမျိုးသမီးတစ်ယောက်ပါ၊ ရုပ်ရှင်တွေထဲမှာ သရုပ်ဆောင်လုပ်တယ်ဆိုတာက ငိုတာတို့ ရီတာတို့ရှိမယ်။ သူ့နေရာမှာ သူရဲ့စိ်တ်ခံစားချက်က ဝမ်းနည်းရင်လဲ တအားကြီးငိုတတ်တဲ့ အမျိုးသမီးတစ်ယောက် မဟုတ်ဘူး၊ သူ့ယောကျာ်း ကျဆုံးတဲ့အချိန်မှာတောင် ဝမ်းနည်းမှုကို ဒီမျက်လုံးတွေနဲ့ပဲ ဖော်ပြရတာဆိုတော့ ခက်ပါတယ်။ အများကြီး ကြိုးစားရဦးမယ်”ဟု ဒေါ်ခင်ကြည်နေရာတွင် ပါဝင်သရုပ်ဆောင်မည့် နန့်ဇာခြည်လင်းက ပြောသည်။

 


ယင်းနောက် အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ် ပြသနိုင်ရေးအတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က ရိုက်ကူးတင်ဆက်သည့် အောင်ဆန်းရုပ်ရှင်နမူနာ ဇာတ်လမ်းကို ပြသပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။

 


ထို့နောက် အလှူငွေပေးအပ်ပွဲကို ကျင်းပရာ သီရိသုဓမ္မသိင်္ဂီ ဒေါ်စမ်းစမ်းနှင့် မိသားစုက ငွေကျပ်သိန်း ၁၅၀၊ ဦးကျော်မြင့် (ခိုလုံလီရှော တိုင်းရင်းသားဥက္ကဋ္ဌ) + ဒေါ်ဝင်းမြင့် မိသားစု၊ ဒေါ်ခင်ချို၊ ဒေါက်တာဝင်းမြင့် + သီဟသုဓမ္မသိင်္ဂီ ဒေါ်ခိုင်ခိုင်ဦး တို့က ငွေကျပ် သိန်း ၁၀ဝ စီ၊ ဦးစိုင်းမောင်ထွန်း နှင့် သုဓမ္မသိင်္ဂီ ဒေါ်နန်းမြစိန် တို့က ငွေကျပ် သိန်း ၆၀၊ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာအောင် + ဒေါ်ပိုးဖြူ တို့က ငွေကျပ် သိန်း ၃၀၊ သုဓမ္မမဏိဇောတဓရ ဦးလူဝင်း၊ ဒေါက်တာအောင်ကျော်ဝင်း + ဒေါက်တာသက်သက်ခိုင် မိသားစု၊ ဦးဇေယျသူရမွန် + ဒေါ်ခိုင်ခိုင်မြင့်တို့က ငွေကျပ် ၂၅ သိန်းစီ၊ သက်သက်လွတ် ချန်တက်ထန် ငါးပါးသီလအဖွဲ့၊ ဦးသက်ဆွေ + ဒေါ်ယမင်းကိိုကို တို့က ငွေကျပ် သိန်း ၂၀ စီ၊ ဦးသိန်းဝင်းဇော် + ဒေါ်တင်လတ်မင်း (ရွှေဗျိုင်းဖြူကုမ္ပဏီ)က ငွေကျပ် ၁၅ သိန်း၊ ဒေါက်တာလှဝင်းအောင်၊ သီဟသုဓမ္မသိင်္ဂီ ဒေါ်လှလှဝေ၊ သုဓမ္မသိင်္ဂီ ဒေါ်ဌေးဌေးရီ၊ ဦးရဲလင်း + သုဓမ္မသိင်္ဂီ ဒေါ်အိအိခင်၊ သီဟသုဓမ္မသိင်္ဂီ ဒေါ်ရင်ရွှင်တို့က ငွေကျပ် ဆယ်သိန်းစီ၊ သီဟသုဓမ္မမဏိဇောတဓရ ဦးသန်းဌေး၊ သုဓမ္မမဏိဇောတဓရ ဦးဟံရှင်း၊ သုဓမ္မသိင်္ဂီ  ဒေါ်တင်လေးကြည်တို့က ငွေကျပ် ငါးသိန်းစီ၊ သုဓမ္မမဏိဇောတဓရ ဦးဟုတ်ငွေ၊ သုဓမ္မမဏိဇောတဓရ  ဦးလှဝင်းတို့က ငွေကျပ် နှစ်သိန်းစီ၊ ဦးခင်ကျော် (ချန်ပီယံစတိုး) ငွေကျပ် တစ်သိန်း စုစုပေါင်း ငွေကျပ် သိန်း ၇၄၀ ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဦးလူမင်းနှင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့က လက်ခံကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ 

 


သတင်း - ရီရီမြင့်

 


ဓာတ်ပုံ - ရဲထွဋ်